Pages

Wednesday, December 31, 2014

အိပ်ရေးပျက်ခြင်း နှင့် သင့်ကျန်းမာရေး


အိပ်ရေးပျက်ခြင်း နှင့် သင့်ကျန်းမာရေး

ဒေါက်တာလွင်သန့် (ဆေး-၂)

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်းသည် အာရုံကြောများ၊ ခန္ဓာကိုယ် နှင့် စိတ်တို့ကို အားအင်ပြည့်ဖြိုး စေပြီး နုပျိုလန်းဆန်း စေသည်။ အိပ်စက် နားနေသည့် အချိန် အနည်းအများ ထက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားရန် အရေးကြီးသည်။ အလွယ်တကူ အိပ်ပျော်စေရန် စိုးရိမ်သောက၊ အတွေးနှင့် အပူအပင် များကို ဖျောက်ဖျက်ပစ် ရမည်။ ခေတ်ပေါ် အိပ်ဆေးအချို့ သုံး၍ အိပ်စက်ပါက ကြာရှည်စွာ မှီဝဲလျှင် အန္တရာယ် ရှိနိုင်သည်။

အိပ်ပျော်နေစဉ် ခန္ဓာကိုယ်မှ ဦးနှောက်သို့ သွေးအရောက် နှေးပြီး ခြေထောက်သို့သာ သွေးအရောက်များ စေသည်။ အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်း၊ သွေးခုန်နှုန်း နည်းလာသည်။ တစ်ကိုယ်လုံး ကြွက်သားများ ပြေလျော့ လာသည်။ သွေးဖိအား လျော့နည်းပြီး အခြေခံ ဇီဝဖြစ်စဉ် မှာလည်း နိုးနေစဉ်ထက် ငါးပုံတစ်ပုံ လျော့နည်း စေသည်။ ယင်း အချိန်တွင် အရေပြားရှိ သွေးကြောများ ကျယ်ပြန့်လျက် ရှိသည်။

အိပ်ပျော်နေချိန် အသက် ရှူထုတ်စဉ် လေ၌ပါလာသည့် ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့က နိုးနေစဉ် ပါဝင်နှုန်းထက် လျော့နည်းနေသည်။ အိပ်ပျော်နေစဉ် တွင် ခန္ဓာကိုယ်ရှိ တစ်ရှူးနှင့် အသားမျှင် တို့မှာ နိုးနေစဉ်လောက် အလုပ်မလုပ် ကြသဖြင့် ခန္ဓာကိုယ်မှ ထွက်လာသည့် အပူငွေ့ ထက်ဝက်မျှ လျော့သွား၍ ခန္ဓာကိုယ် အပူချိန်သည်လည်း လျော့ကျ နေမည်။ ပျမ်းမျှအားဖြင့် အိပ်စက်နေသူ တစ်ဦးသည် ၁ဝ မိနစ်တစ်ကြိမ် အနေအထား ပြောင်းလဲတတ်သည်။ အမျိုးသား များသည် အမျိုးသမီး များထက် အိပ်နေစဉ် ပိုမို လှုပ်ရှားတတ်သည်။ ခန္ဓာကိုယ်၏ အစိတ်အပိုင်း အသီးသီး အလှည့်ကျ အကြောလျှော့ ပေးနိုင်ရန် သာမန် တစ်ညတာ အိပ်စက်နေစဉ် အကြိမ်ပေါင်း ၃ဝ အထိ အနေအထား ပြောင်းလဲ တတ်သည်။

လူတစ်ဦးသည် တစ်နေ့လျှင် ၆ နာရီမှ ၈ နာရီ အထိ အိပ်သင့်သည်။ အသက် အပိုင်းအခြား အလိုက် အိပ်ချိန်လျော့ သွားတတ်သည်။ မွေးကင်းစ ကလေးဘဝမှာ ၁၂ နာရီမှ ၁၈ နာရီ အထိ၊ အသက် ၆ဝ ကျော်မှာ တစ်ည ၆ နာရီ အိပ်စက်သလို အချိန်ပြောင်းလဲ စေသည်။

အာရုံကြော ထိုင်းမှိုင်းလျှင်၊ ကျောက်ကပ် အားနည်းလျှင် အိပ်ချိန်များ တတ်သည်။ လူအချို့သည် အိပ်ချိန်နည်း တတ်သည်။ နောက်နေ့ အလုပ်အတွက် စိတ်စောနေ ခြင်းကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်၊ စိတ်ပူပင်သောက များခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ဦးနှောက် အနားမရခြင်း များသည် အိပ်မပျော်မှုကို ဖြစ်နိုင်သည်။ ထို့ကြောင့် ကော်ဖီ၊ လက်ဖက်ရည်၊ ဆေးလိပ်သောက်ခြင်း တို့ကို ရှောင်ကြဉ်ရမည်။

နေ့စဉ် နာရီဝက် အားကစား (အပြေး လမ်းလျှောက်၊ စက်ဘီးစီး) လုပ်ပေးသင့်သည်။ ကိုယ်လက် လှုပ်ရှားမှု နည်းခြင်း၊ ရာသီဥတု ပူလွန်းခြင်း၊ အေးလွန်းခြင်း တို့က အိပ်မပျော် ခြင်းကို ဖြစ်စေသည်။ သင့်လျော်သည့် အိပ်ဆေး၊ ဗေလီယံ တစ်ညတစ်လုံး သောက်နိုင်သည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရန် စိတ်သောကများ ပယ်ဖျောက် ရမည်။ ဦးနှောက်ကို ပြင်းပြင်းထန်ထန် အလုပ်မပေး သင့်ပါ။ မအိပ်မီ ခန္ဓာကိုယ် အကြောအခြင် ဖြေလျော့ခြင်း၊ အိပ်ရာဝင်ခါနီး နွားနို့နွေးနွေး သောက်ခြင်းသည် နှစ်ခြိုက်စွာ အိပ်မောကျ စေသည်။ ညဘက် စာဖတ်သင့်သည်။ အိပ်ရာမှာ သက်သောင့် သက်သာ ရှိသင့်သည်။ မိမိ အိပ်ခန်းသည် တိတ်ဆိတ်ပြီး လေဝင်လေထွက် ကောင်းရမည်။ အလင်းရောင် မှိန်ထားရမည်။ ရေနွေးနှင့် ရေချိုးပြီး အကြောလျှော့ ပေးသင့်သည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment