Pages

Wednesday, December 31, 2014

ပြည်တွင်းဘုရားဖူး နှင့် နိုင်ငံခြားသား ဧည့်သည် လာရောက်မှု များပြားလာသဖြင့် ဆိုင်ကယ်နှင့် ဘက်ထရီစက်ဘီး ငှားရမ်းသည့် လုပ်ငန်း တွင်ကျယ်လာ



ညောင်ဦး ၊ ၃၁-၁၂-၂၀၁၄

ပုဂံ - ညောင်ဦး ဒေသသို့ ပြည်တွင်း ဘုရားဖူးနှင့် နိုင်ငံခြားသား ဧည့်သည် ဝင်ရောက်မှုမှာ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြား လာနေသဖြင့် ဆိုင်ကယ် နှင့် ဘက်ထရီစက်ဘီး ငှားရမ်းသည့် လုပ်ငန်းများ တွင်ကျယ် ခေတ်စား လာခဲ့ကြောင်း ဘုရားဖူး ခရီးသည်များနှင့် ဘုရားဖူး လုပ်ငန်း လုပ်ကိုင်သူများ ထံမှ သိရသည်။

၂ဝ၁၃ ခုနှစ် နိုဝင်ဘာလ က ပုဂံ - ညောင်ဦး ဒေသသို့ နိုင်ငံခြားသား ဧည့်သည် ၂၈၁၈၅ ဦး လာရောက် ခဲ့သဖြင့် နိုင်ငံခြားဝင်ငွေ အမေရိကန် ဒေါ်လာ ၄၂၂၇၇၅ ဒေါ်လာသာ ရရှိခဲ့ပြီး ယခုနှစ် နိုဝင်ဘာလတွင် နိုင်ငံခြားသား ဧည့်သည် ၃၄၆၄၆ ဦး လာရောက် ခဲ့သဖြင့် နိုင်ငံခြားဝင်ငွေ အမေရိကန် ဒေါ်လာ ၅၁၉၆၉ဝ ရရှိခဲ့သည်။ ထို့ကြောင့် ယခုနှစ် နိုဝင်ဘာလတွင် ယခင်နှစ် နိုဝင်ဘာလထက် နိုင်ငံခြားသား ဧည့်သည် ၆၄၈၈ ဦး ပိုမိုဝင်ရောက် လာသဖြင့် နိုင်ငံခြားဝင်ငွေ အမေရိကန် ဒေါ်လာ ၉၆၉၁၅ ဒေါ်လာပိုမို ရရှိခဲ့ကြောင်း ခရီးသွားလုပ်ငန်း များမှ သိရသည်။

ထို့အတူ ပြည်တွင်း ဘုရားဖူး များမှာလည်း ယခင်နှစ် ကထက် သိသိသာသာ တိုးတက်များပြား လာခဲ့သည်။ ပုဂံ - ညောင်ဦး ဒေသသို့ ရောက်ရှိ လာကြသည့် ပြည်တွင်း၊ ပြည်ပ ဧည့်သည်များသည် ယခင်က ပုဂံ - ညောင်းဦး၊ဘုရားဖူး လည်ပတ်ရာတွင် မြင်းလှည်း၊ ဆိုက်ကား နှင့်အငှားယာဉ် များကို ငှားရမ်းလည်ပတ် ခဲ့ကြ သော်လည်း အဆိုပါ ယာဉ်များမှာ လမ်းကျဉ်းများနှင့် လမ်းကြမ်းများ တွင် မောင်းနှင်ရန် မလွယ်ကူသော ကြောင့် မည်သည့် နေရာမဆို အလွယ်တကူ စီးနင်းသွားလာ နိုင်သည့် ဆိုင်ကယ်နှင့် ဘက်ထရီစက်ဘီး များကို ငှားရမ်းစီးနင်းကာ လည်ပတ်လာခဲ့ ကြသည်။ ဤသို့ဖြင့် ပုဂံ - ညောင်ဦး ဒေသတွင် ဆိုင်ကယ်နှင့် ဘက်ထရီစက်ဘီး ငှားရမ်းသည့် လုပ်ငန်းများ ခေတ်စားလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အချို့ အငှားဆိုင်များမှာ ဧည့်သည်များ တည်းခို နေသည့် ဟိုတယ်အထိ လာရောက် ပေးပို့ကာ ဝန်ဆောင်မှုပေး ငှားရမ်း နေကြသည်။ လက်ရှိတွင် ဆိုင်ကယ်နှင့် ဘက်ထရီစက်ဘီး ငှားရမ်းခမှာ တစ်နာရီ ငွေကျပ် ၁ဝဝဝ၊ နံနက်ပိုင်း နေထွက်ချိန် ကြည့်လိုသူများ နှင့် မီးပုံပျံစီးနင်းမည့် သူများ၊ မီးပုံးပျံ ကြည့်လိုသူများ အတွက် နံနက် ၅ နာရီမှ ၉ နာရီအထိ ငွေကျပ် ၄ဝဝဝ ၊ တစ်နေကုန် ငှားရမ်းခ ငွေကျပ် ၇ဝဝဝ မှ ၈ဝဝဝ နှုန်းဖြစ်သည်။ ထိုသို့ ဆိုင်ကယ်နှင့် ဘက်ထရီစက်ဘီး ငှားရမ်းလည်ပတ်မှု ခေတ်စားလာသဖြင့် ဆိုက်ကား၊ မြင်းလှည်းနှင့် အငှားယာဉ် လုပ်ငန်းများမှာ သိသာစွာ ဝင်ငွေကျဆင်း နေကြောင်း သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment