Pages

Wednesday, December 24, 2014

အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲများဆိုင်ရာ ၀န်ဆောင်မှု လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းတည်ထောင်ရန် စီစဉ်


ရန်ကုန် ၊ ၂၄-၁၂-၂၀၁၄

နေပြည်တော်၊ ရန်ကုန်၊ မန္တလေး အစရှိသော မြို့ကြီးများ၌ ကျင်းပလေ့ ရှိသော ပြည်တွင်း၊ ပြည်ပ ကုန်စည် ပြပွဲများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ နှီးနှော ဖလှယ်ပွဲများ စသည့် အခမ်းအနား များကို ဝန်ဆောင်မှု ပေးနေသော လုပ်ငန်းရှင်များအား စုစည်းပြီး အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်း ဖွဲ့စည်း တည်ထောင်ရန် စီစဉ်ထားကြောင်း ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံး (UMFCCI) မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ရန်ကုန်နှင့် မန္တလေးမြို့ တို့ရှိ အခမ်းအနား ပွဲများ ကျင်းပရာ နေရာများ ဖြစ်သော တပ်မတော်ခန်းမ၊ UMFCCI ၊ MCC ၊ MICC စသည့်နေရာများ အပြင် အခြားသော မြို့ကြီးအချို့ တွင်လည်း ပြည်တွင်း ပြည်ပ ကုန်စည်ပြပွဲများ နှင့် တွေ့ဆုံ ဆွေးနွေးပွဲ များကို ယခင်ကထက် ပိုမိုကျင်းပ လာကြောင်း သိရသည်။

ယင်းအတွက် အခမ်းအနားများ ဖြစ်မြောက်ရေး ဝန်ဆောင်မှု ပေးနေသော လုပ်ငန်းရှင်များ အချင်းချင်း အပြန်အလှန် အထောက်အကူ ပြုနိုင်စေရန် ရည်ရွယ်ချက်ဖြင့် အပြည်ပြည် ဆိုင်ရာ ကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲ ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်း ဖွဲ့စည်း တည်ထောင်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အသင်းအား ဖွဲ့စည်း တည်ထောင်ရန် ယခုအခါ အသင်းဝင် လိုသော လုပ်ငန်းရှင်များကို စတင် ခေါ်ယူနေပြီဖြစ်ရာ အသင်းဝင် လိုသူများသည် ရန်ကုန်မြို့ရှိ UMFCCI ရုံးချုပ် သို့ လာရောက် လျှောက်ထား နိုင်ကြောင်း၊ အသင်းဝင် အင်အား စုစည်းပြီး မကြာမီ တရားဝင် ကြေညာချက် ထုတ်ပြန်ကာ အသင်း စတင်ဖွဲ့စည်း သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖွဲ့စည်းပြီးပါက အဆိုပါ အသင်းသည် UMFCCI ၏ ညီနောင်အသင်း တစ်သင်းအဖြစ် အသိအမှတ်ပြု ခံရမည် ဖြစ်ကြောင်းနှင့် လက်ရှိတွင် UMFCCI နှင့် လက်တွဲ ဆောင်ရွက်လျက် ရှိသော ညီနောင် အသင်းပေါင်း ၇ဝ ကျော် ရှိကြောင်း သိရှိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment