Pages

Wednesday, December 31, 2014

အမျိုးသားရေးစိတ်ထားများဖြင့် နှစ်သစ်ကိုကြို


အမျိုးသားရေးစိတ်ထားများဖြင့် နှစ်သစ်ကိုကြို

နှစ်ဟောင်း လွန်မြောက်ပြီး နှစ်သစ်သို့ ကူးပြောင်း ရောက်ရှိ တော့မည် ဖြစ်သည်။ ၂ဝ၁၄ ခုနှစ် နှစ်ဟောင်းမှ ၂ဝ၁၅ ခုနှစ် နှစ်သစ်သို့ ကူးပြောင်းခြင်း အသိသည် ကျွန်ုပ်တို့၏ အနာဂတ် မျှော်လင့်ချက် များအတွက် စတင်ကြိုးပမ်း ကြရန် နှိုးဆော်လိုက်ခြင်း ဖြစ်သည်။

ထိုကဲ့သို့ နှစ်ဟောင်းမှသည် နှစ်သစ်ဆီသို့ ကူးပြောင်း ကြရာတွင် နှစ်ဟောင်းမှ မိမိတို့ ကြုံတွေ့ ဆောင်ရွက်ခဲ့ ကြသည့် ကြိုးပမ်း လုပ်ဆောင်မှု များအနက် လောက ကောင်းကျိုး၊ မိမိ ကိုယ်ကျိုးများ အတွက် မည်မျှ စွမ်းဆောင် နိုင်ခဲ့ကြ သည်ကို ပြန်လည် ဝေဖန်ဆန်းစစ် သုံးသပ် ကြည့်ရန် လိုသည်။

မိမိတို့၏ ဝန်းကျင် လောကနှင့် မိမိတို့ဘဝ များတွင် အောင်မြင်မှုများ၊ ရှုံးနိမ့်မှုများ၊ စိန်ခေါ်မှု များစွာတို့ ရှိခဲ့မည်ဖြစ်ရာ ထိုကဲ့သို့ ကြုံတွေ့ခဲ့ ရသော အကြောင်းရင်း များနှင့် ပတ်သက်၍ အားနည်းချက် များကို ပြင်ဆင်ပြီး အားသာချက် များကို ပိုမိုမြှင့်တင် ဆောင်ရွက်ကြရန် ဖြစ်သည်။

မြန်မာနိုင်ငံ အနေဖြင့် ၂ဝ၁၄ ခုနှစ်အတွင်း သမိုင်းထူ ရလောက်သည့် အောင်မြင်မှုများ မရှိခဲ့သော်လည်း နိုင်ငံတော်၏ မှန်ကန်သော ဦးဆောင်မှုနှင့် တိုင်းရင်းသား ပြည်သူ အားလုံးတို့၏ ညီညီ ညွတ်ညွတ် ပူးပေါင်း ဆောင်ရွက်မှု များဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ရှေ့ဆက် လျှောက်လှမ်း နေကြဆဲ ဖြစ်သည်။

ထိုသို့ လျှောက်လှမ်း ကြရာတွင် တွေ့ကြုံ လာရနိုင်မည့် မတူညီမှုများ၊ ကွဲပြား ခြားနားမှု များကို ဖယ်ရှားပြီး ပြည်သူ တစ်ရပ်လုံးက တူညီမှုများနှင့် အတူတကွ ပေါင်းစပ်ကာ ညီညီ ညွတ်ညွတ် ဆက်လက် ဆောင်ရွက် သွားကြမည် ဆိုပါက ပြည်သူများ မျှော်မှန်းကြသည့် ပန်းတိုင်များ ဆီသို့ လှမ်းကိုင် နိုင်ကြမည် ဖြစ်သည်။

ထို့ကြောင့် ၂ဝ၁၄ ခုနှစ်မှ အောင်မြင်မှု မှတ်တိုင်များကို ၂ဝ၁၅ ခုနှစ်သို့ ဆက်လက် သယ်ဆောင်၍ ကျန်ရှိသော ဆောင်ရွက် ဖွယ်ရာများကို တူညီသော စိတ်ထားများဖြင့် ၂ဝ၁၅ ခုနှစ်တွင် ဆက်လက် ကြိုးပမ်း ဆောင်ရွက်ကြ ရမည် ဖြစ်သည်။

ထိုသို့ ကြိုးပမ်း ဆောင်ရွက်ကြ ရာတွင် မိမိတို့နိုင်ငံ၊ မိမိတို့ဒေသ၊ မိမိတို့ ဝန်းကျင် တည်ငြိမ် အေးချမ်းရေး သည် အခြေခံ အကျဆုံး အချက် ဖြစ်သည်ကို သတိချပ်ကြ ရမည်ဖြစ်သည်။ တည်ငြိမ် အေးချမ်းမှသာ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို အားသွန် ခွန်စိုက် ကြိုးပမ်း ဆောင်ရွက် နိုင်မည်ဖြစ်သည်။

ပြီးခဲ့သည့် အချိန်ကာလ များက ကမ္ဘာ့နိုင်ငံ အချို့တွင် ကြုံတွေ့ နေရသည့် အသွင် ကူးရေးနှင့် မတည်ငြိမ်မှု များကို သင်ခန်းစာ  ယူပြီး မိမိတို့နိုင်ငံ အနေဖြင့် တည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက် သည့် နိုင်ငံ ဖြစ်စေရန် အတူတကွ လက်တွဲကြိုးပမ်း ဆောင်ရွက်ကြ ရမည် ဖြစ်သည်။

သို့ဖြစ်ရာ လာမည့် ၂ဝ၁၅ ခုနှစ်သည် မြန်မာနိုင်ငံ နှင့် နိုင်ငံသား အားလုံးအတွက် မျှော်လင့် ချက်များစွာ ထားရှိနိုင်သော နှစ်သစ် မင်္ဂလာ ဖြစ်သည်နှင့် အညီ ကောင်းခြင်း လက္ခဏာများ ကိုရရှိ ဆောင်ရွက် နိုင်စေရန် ၂ဝ၁၄ ခုနှစ်အတွင်း၌ ဆောင်ရွက် ခဲ့ကြသော အောင်မြင်မှု မှတ်တိုင်များကို ဆက်လက် ထိန်းသိမ်းကာ အမျိုးသားရေး စိတ်ထားများဖြင့် နှစ်သစ်ကို ကြိုဆိုကြ ရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment