Pages

Saturday, December 27, 2014

မင်းကွန်းခြင်္သေ့ကြီး များ၏ မျက်လုံးများကို အများပြည်သူ လေ့လာနိုင်စေရန် တစ်နေရာတည်း၌ တစ်စုတစ်ဝေး ပြသထားရန် စီစဉ်လျက်ရှိ


အ၀န်း ၉ ပေရှိ ခြင်္သေ့မျက်လုံး တစ်လုံးအား တွေ့ရစဉ်

စစ်ကိုင်း ၊ ၂၇-၁၂-၂၀၁၄

မင်းကွန်း ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွင် တည်ရှိပြီး ပြိုကြ ပျက်စီးနေပြီ ဖြစ်သော ခြင်္သေ့ကြီးများ မှ မျက်လုံးကြီး များကို လာရောက် လည်ပတ်သူများ အလွယ်တကူ လေ့လာနိုင်ရန် အတွက် နေရာတစ်ခု သတ်မှတ်၍ တစ်စု တစ်ဝေးတည်း ပြသထားမည် ဖြစ်ကြောင်း ယဉ်ကျေးမှုဇုန် တာဝန်ခံက ပြောပြသည်။

မင်းကွန်း ဒေသရှိ ကြီးလေးကြီးး စာရင်းဝင် အဆိုပါ ခြင်္သေ့ကြီး များကို ကုန်းဘောင် မင်းဆက် ဘုရင်တစ်ပါး ဖြစ်သော အမရပူရတွင် နန်းစံ တော်မူသည့် ဘိုးတော်ဘုရား က သက္ကရာဇ် ၁၁၅၅ ခု၊ ပြာသို လပြည့်ကျော် ၅ ရက်က စတင် တည်ထားခဲ့ပြီး အမြင့်ပေ ၉၅ ပေ၊ မျက်လုံးအဝန်း ကိုးပေ၊ ခြေသည်း၊ လက်သည်း တစ်ချောင်းစီ၏ အရှည် ငါးပေ၊ လုံးပတ် လေးပေခွဲ ရှိကာ မျက်လုံး၊ ခြေသည်း၊ လက်သည်း များကို စကျင်ကျောက် ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ယဉ်ကျေးမှုဇုန် တာဝန်ခံက ''ဝန်ကြီးဌာန ကိုတော့ တင်ပြထားပြီး ပါပြီ။ ခွင့်ပြုမိန့်နဲ့ ဘက်ဂျက် ကျရင်တော့ စလို့ရပါပြီ။ မျက်လုံး လေးလုံးလုံး ရှိပါသေးတယ်။ ငလျင်လှုပ်စဉ် က ပြိုကျသွားတဲ့ အတွက် တစ်နေရာစီ ရောက်နေ တာကို ပြန်စုပြီး တစ်နေရာတည်းမှာ ပြသထားမှာပါ။ မျက်လုံးကြီးတွေ သယ်ဖို့က ကရိန်း နဲ့ သယ်မှ ရမှာပါ။ အကျဉ်းအကျပ် ထဲကနေ ခက်ခက်ခဲခဲ သယ်ယူ ရမှာပါ ''ဟု ပြောပြသည်။

အဆိုပါ ခြင်္သေ့ရုပ်ကြီး များမှာ သက္ကရာဇ် ၁၂ဝဝ ပြည့်နှစ် နှောင်းတန်ခူး လဆန်း ၈ ရက် သောကြာနေ့ ၁၈၃၉ ခုနှစ် မတ် ၂၂ ရက် နှစ်ချက်တီးကျော် ၅ နာရီခန့်တွင် လှုပ်ခတ် ခဲ့သော အမရပူရ ငလျင်ဒဏ် ကြောင့် ဦးခေါင်းပိုင်း ပြတ်ကျခဲ့ပြီး မျက်လုံး များလည်း လွင့်စင်သွားခဲ့ ရသည်။ ယခုအခါ ၄င်း ခြင်္သေ့ မျက်လုံးကြီး (ပုံ) များကို တစ်စု တစ်ဝေးတည်း စုစည်း၍ အများပြည်သူ လေ့လာနိုင်ရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ (၁၇၄)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment