Pages

Tuesday, November 11, 2014

မြန်မာနိုင်ငံ၌ POKKA အချိုရည်စက်ရုံ တည်ဆောက်ရန်စီစဉ်


ရန်ကုန် ၊ ၁၁-၁၁-၂၀၁၄

ဂျပန်နိုင်ငံ၌ ပင်ရင်းစက်ရုံ တည်ထောင်ထားပြီး အခြားနိုင်ငံများ ၌လည်း စက်ရုံခွဲများ တည်ထောင်ထားကာ ကမ္ဘာတစ်ဝန်းသို့ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသော POKKA အချိုရည် များကို မြန်မာနိုင်ငံ ၌လည်း ထုတ်လုပ်နိုင်ရန် အချိုရည် စက်ရုံတစ်ရုံ တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း၌ အချိုရည်များကို ဈေးနှုန်း ချိုသာစွာ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရန် ရည်ရွယ်ချက်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်မည့် အဆိုပါ POKKA အချိုရည် စက်ရုံကို ကောင်းထက် (မြန်မာ) ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်မည် ဖြစ်ပြီး ယခုအခါ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မတီ (MIC) မှ ခွင့်ပြုချက် ရရှိထားပြီ ဖြစ်ကြောင်း လည်း သိရသည်။

အဆိုပါ စက်ရုံကို ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံ စက်မှုဇုန်(၃) ရှိ ၁ဝ ဧကနီးပါး ကျယ်ဝန်းသော မြေနေရာ တစ်ခုတွင် တည်ဆောက် သွားရန် ရည်ရွယ် ထားကြောင်းနှင့် ၂ဝ၁၅ ခုနှစ်တွင် စတင် ဆောက်လုပ် နိုင်စေရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း ကောင်းထက် (မြန်မာ) ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုအခါ စက်ရုံ တည်ဆောက်မည့် မြေနေရာကို နိုင်ငံတကာမှ ကျွမ်းကျင် ပညာရှင်များ၏ အကူအညီဖြင့် ပတ်ဝန်းကျင် ထိခိုက်မှု လေ့လာ ဆန်းစစ်ခြင်း (EIA) များကို ဆောင်ရွက်လျက် ရှိပြီး ယခုနှစ် မကုန်မီ အပြီး လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောသည်။

ထို့အပြင် စက်ရုံ တည်ဆောက်ချိန်တွင် စင်ကာပူနှင့် မလေးရှား နိုင်ငံများမှ ပညာရှင်များက ပြည်တွင်းမှ အင်ဂျင်နီယာများ နှင့် လာရောက် ပူးပေါင်း ဆောင်ရွက်ကြမည် ဖြစ်ကြောင်း သိရသည်။ POKKA အချိုရည်များကို အာရှဒေသ တွင်းရှိ နိုင်ငံများ၌ သာမက ဥရောပတိုက်ရှိ နိုင်ငံများ၌လည်း ဖြန့်ဖြူးရောင်းချ လျက်ရှိရာ အပြည်ပြည်ဆိုင်ရာ တွင် ဈေးကွက်နေရာ ရရှိထားပြီးသော အချိုရည် ဖြစ်သည်။ မြန်မာနိုင်ငံ ၌လည်း လွန်ခဲ့သော နှစ် ၂ဝ ခန့်မှ စတင်၍ ဖြန့်ချိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment