Pages

Tuesday, November 11, 2014

မင်္ဂလာနံနက်ခင်းများ


မင်္ဂလာနံနက်ခင်းများ

လူတစ်ယောက် အတွက် တစ်နေ့တာ မင်္ဂလာ အရှိဆုံး အချိန်သည် အိပ်ရာထ နံနက်စောစော အခါသမယ ဖြစ်သည်။ တစ်နေကုန် ပင်ပန်း သမျှကို အိပ်စက် အနားယူရင်း လန်းဆန်း တက်ကြွ နိုးထလာသော မင်္ဂလာ အချိန်တွင် မိမိအနေဖြင့် မင်္ဂလာ ယူတတ်ဖို့ လိုသည်။

''စောစောအိပ်ထ၊ ပြုကျင့်က၊ တွင်းပ ကိုယ်ခန္ဓာ၊ ရောဂါခပ်သိမ်း၊ ရှောင်ခွာတိမ်း၊ ကင်းငြိမ်း လွန်ချမ်းသာ '' ဟု အခြေခံပညာ ၏ သူငယ်တန်းမှ စ၍ ကလေးငယ် များကို စောစော ထသည့် အလေ့အကျင့်များ ဖြစ်ရန် သင်ကြား ပေးထားခြင်း ဖြစ်သည်။ ကလေးငယ်များ ဘဝတွင် သံပြိုင် ဟစ်ဆိုခဲ့ကြ သော်လည်း အဓိပ္ပာယ် မသိ အာဂုံဆောင် ထားပြီးဖြစ်ရာ သိရှိ လာချိန်တွင် ဘဝအတွက် တန်ဖိုးရှိရှိ အသုံးချ လာနိုင်မည်သာ ဖြစ်သည်။

စောစော နိုးထခြင်းသည် လူကို မဆိုထားနှင့် ကျေးငှက် များသည်ပင်လျှင် အကျိုးရရှိ နိုင်ကြောင်း စကားဥပမာ ကြားဖူး၊ မှတ်သားဖူးသည်။ အကြောင်းမှာ စောစော နိုးထသော ငှက်သည် ပိုးမွှားများကို များများဖမ်းယူ စားသောက် နိုင်သောကြောင့် ဖြစ်သည်။

စောစော နိုးထချိန်၊ တိတ်ဆိတ် ငြိမ်သက်သော ပတ်ဝန်းကျင်၊ လတ်ဆတ်သော လေနုအေးကို ရှူရှိုက်၍ အရှေ့ဘက် မျက်နှာရှိ မိုးကောင်းကင်ကို ရှုမျှော်ရင်း မတ်မတ်ရပ်ကာ လေရှူ လေထုတ် လေ့ကျင့်ခန်းကို ငါးမိနစ်ခန့်မျှ ပြုလုပ်ကြည့် ခြင်းဖြင့် စိတ်ကြည်လင်ကာ ကိုယ်ခန္ဓာ ပေါ့ပါးလန်းဆန်း မှုကို ရရှိကြမည် ဖြစ်သည်။

စက္ကန့်၊ မိနစ်၊ နာရီများဖြင့် ဖွဲ့တည် ထားသော လူ့ဘဝ သက်တမ်း၌ တစ်နေ့ဟူသည် လူတစ်ဦး၏ ဘဝတိုလေး တစ်ခု အိပ်စက် အနားယူသည့် လူသားတစ်ဦး အတွက် ခဏတာ ယာယီ အနားယူခြင်း ပြီးသည့်နောက် ဘဝသစ်တစ်ခု အစပြုရာ နံနက်ခင်းတွင် လန်းလန်း ဆန်းဆန်းနှင့် မင်္ဂလာရှိစွာ နိုးထလာ ရမည်။ ထို အချိန်ခဏတွင် အကြောင်း အမျိုးမျိုးကြောင့် စိတ် မရွှင်လန်းစရာ ကြုံတွေ့ရ ပါက စိတ်ကို မထိန်းနိုင်၊စိတ်လိုက်မာန်ပါ ဖြစ်ပွားပြီ ဆိုပါလျှင် တစ်နေ့လုံး စိတ်လက် မကြည်မသာ ဖြင့် အရာရာကို အလိုမကျ ဖြစ်ရပေမည်။

''နေ့တစ်နေ့တွင် ပထမဆုံး အကြိမ် ဖြစ်လာသော ဒေါသကို ချိုးနှိမ်လိုက် နိုင်ပါက သင် တစ်နေ့တာလုံး စိတ်ချမ်းသာ နေလိမ့်မည် '' ဟု အင်္ဂလိပ် စကားပုံတစ်ခု ရှိသည်။ အိပ်ရာနိုးထ ခါစ နံနက်ခင်း ကို ဖြတ်သန်းရာတွင် သတိမူသင့်သည့် အချက် ဖြစ်သည်။

ယခုအခါ မိုးအကုန် ဆောင်းအကူး သာယာလှပ စပ်ကူးမပ်ကူး ရာသီ မပူမအေး သမ မျှတသော ကာလသို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့် မြို့ပြလမ်းမ များပေါ်တွင် စောစောထ လမ်းလျှောက် နေကြ သူများကို တွေ့မြင် နေရပြီ ဖြစ်သည်။ အထူးသဖြင့် အသက်အရွယ် ရလာချိန် လမ်းလျှောက် ခြင်းသည် အသက်ရှည်ဆေး တစ်ခွက် ဖြစ်သည်။

သို့ဖြစ်ရာ လူတိုင်းလူတိုင်း အနေဖြင့် ရုပ်ခန္ဓာ ကျန်းမာ၍ နာမ်ခန္ဓာ ချမ်းသာစွာဖြင့် ဘဝကို အသက်ရှည်ရှည် ရပ်တည် နေနိုင်စေရန် ဘဝခရီးကို ပေါ့ပေါ့ပါးပါး ဖြင့် ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွှား နိုင်စေရန် နံနက်စောစော အိပ်ရာ နိုးထကာ မင်္ဂလာနံနက်ခင်း များတွင် ကိုယ်လက် လေ့ကျင့်ခန်းများ၊ လမ်းလျှောက် ခြင်းများ နေ့စဉ် လုပ်ဆောင်သင့် ပါကြောင်း အကြံပြု ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment