Pages

Monday, November 3, 2014

နိုင်ငံရေးသိပ္ပံ ဘွဲ့လွန်ဒီပလိုမာ သင်တန်း ပထမဆုံးအကြိမ် ဖွင့်လှစ်မည်


မန္တလေး ၊ ၃-၁၁-၂၀၁၄

မန္တလေးတက္ကသိုလ် တွင် နိုင်ငံရေးသိပ္ပံ ဘွဲ့လွန်ဒီပလိုမာ သင်တန်းကို ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် ပထမဆုံး အကြိမ် ဖွင့်လှစ်သင်ကြား ပေးမည် ဖြစ်သည်။

မန္တလေးမြို့တွင် ဖွင့်လှစ်မည့် နိုင်ငံရေး သိပ္ပံ ဘွဲ့လွန်ဒီပလိုမာ သင်တန်း (Diploma in Political Science) အမှတ်စဉ်(၁/၂ဝ၁၄) ကို မန္တလေးတက္ကသိုလ် (လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှုဌာန) မှ ကြီးမှူးဖွင့်လှစ် သင်ကြား သွားမည်ဖြစ်ပြီး သင်တန်းကာလ များကို ပထမနှစ်ဝက် (၂ဝ၁၄ ခုနှစ် ဒီဇင်ဘာမှ ၂ဝ၁၅ ဧပြီအထိ) နှင့် ဒုတိယနှစ်ဝက် (၂ဝ၁၅ ခုနှစ် မေမှ ၂ဝ၁၅ စက်တင်ဘာ အထိ) ဟု သတ်မှတ်ထားကာ စုစုပေါင်း သင်တန်း ကာလကို ကိုးလ သတ်မှတ် ထားရှိမည် ဖြစ်သည်။ နိုင်ငံရေးသိပ္ပံ ဘွဲ့လွန် ဒီပလိုမာ သင်တန်းအတွက် သင်တန်းကြေး ကို ငွေကျပ် ၆ဝဝဝဝ ပေးသွင်း ရမည်ဖြစ်ပြီး သင်တန်း ချိန်ကို တနင်္လာနေ့ မှ သောကြာနေ့ အထိ (ညနေ ၄ နာရီခွဲမှ ၆ နာရီအထိ) အချိန်ပြည့် နေ့စဉ် သင်ကြား ပေးမည် ဖြစ်သည်။

နိုင်ငံရေးသိပ္ပံ ဘွဲ့လွန် ဒီပလိုမာ သင်တန်း တက်ရောက်မည့် သူများသည် တက္ကသိုလ်၊ ဒီဂရီ ကောလိပ် တစ်ခုခုမှ ဘွဲ့ရရှိသည့် မည်သူမဆို သင်တန်း ဝင်ခွင့် လျှောက်လွှာ ပုံစံဖြင့် နိုင်ငံတကာ ဆက်ဆံရေး ပညာဌာန မန္တလေး တက္ကသိုလ်တွင် အောက်တိုဘာ ၂ ရက်မှ စတင်၍ နိုဝင်ဘာ ၁ဝ ရက်အထိ ရုံးချိန်အတွင်း လူကိုယ်တိုင် တက္ကသိုလ် တစ်ခုခုမှ ဘွဲ့လက်မှတ် မူရင်းနှင့် မိတ္တူ၊ စတစ်ကော်လံ အင်္ကျီဖြူဖြင့် ရိုက်ထားသော ဓာတ်ပုံ ခြောက်ပုံကို ယူဆောင်၍ လာရောက် လျှောက်ထား နိုင်မည် ဖြစ်သည်။

နိုင်ငံရေးသိပ္ပံ ဘွဲ့လွန် ဒီပလိုမာ သင်တန်းကို လူဦးရေ ကန့်သတ် ထားသဖြင့် သင်တန်း ဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲကို နိုဝင်ဘာ ၁၁ ရက်တွင် မန္တလေး တက္ကသိုလ်၌ ဝင်ခွင့် ဖြေဆိုကြ ရမည်ဖြစ်ပြီး သင်တန်း ဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲ အောင်မြင် သူများ ကိုလည်း နိုဝင်ဘာ ၁၇ ရက်တွင် လူတွေ့၊ နှုတ်ဖြေ စစ်ဆေးခြင်း များလည်း ပြုလုပ်သွား မည်ဖြစ်ပြီး သင်တန်းဝင်ခွင့် ရရှိသူ အမည် စာရင်းများကို မန္တလေး တက္ကသိုလ် ၌ နိုဝင်ဘာ ၁၈ ရက်တွင် ထုတ်ပြန် ကြေညာ သွားမည် ဖြစ်သည်။

မန္တလေး တက္ကသိုလ်တွင် ဖွင့်လှစ် သင်ကြားမည့် နိုင်ငံရေးသိပ္ပံ ဘွဲ့လွန် ဒီပလိုမာ သင်တန်း နှင့် ပတ်သက်၍ အသေးစိတ် သိလိုသည် များကို မန္တလေး တက္ကသိုလ် ဖုန်း- ဝ၂- ၆၈၄၉၅ သို့ ဆက်သွယ် မေးမြန်းစုံစမ်း နိုင်ကြောင်း သိရသည်။

သီဟကိုကို (မန္တလေး)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment