Pages

Monday, November 3, 2014

အော်ဂဲနစ်သီးနှံ စိုက်ပျိုးရေးစနစ် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်


အော်ဂဲနစ်သီးနှံ စိုက်ပျိုးရေးစနစ် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၏ စီးပွားရေးသည် စိုက်ပျိုးရေးကို အခြေခံသည့် စီးပွားရေး ဖြစ်သည့် အားလျော်စွာ စိုက်ပျိုးရေ ရရှိရေးအတွက် လျှပ်စစ် မြစ်ရေတင် စီမံကိန်းများ နှင့် မြေအောက်ရေ ရရှိရေး စီမံကိန်းများ ဖော်ဆောင်လျက် ရှိရာ စိုက်ပျိုးရေ အတွက် မိုးကိုမျှော်စရာ မလိုတော့ဘဲ နွေ၊ မိုး၊ ဆောင်း ဥတုသုံးလီတွင် ဒေသနှင့် သင့်လျော်သော သီးနှံများ စိုက်ပျိုး အောင်မြင် ဖြစ်ထွန်းနေပြီ ဖြစ်သည်။

စိုက်ပျိုးရေး လုပ်ငန်းများကို လက်မှု လယ်ယာမှ စက်မှု လယ်ယာသို့ ကူးပြောင်းနိုင်ရန် တစ်ဆက် တစ်စပ်တည်း စိုက်ကွင်းများ ချဲ့ထွင်၍ စိုက်ပျိုးရေးသုံး စက်ကိရိယာ များဖြင့် ထွန်ယက် စိုက်ပျိုး ရိတ်သိမ်း ခြွေလှေ့ကာ စိုက်ပျိုးရေး ထွက်ကုန်များ လေလွင့်မှု နည်းပါးအောင် ဆောင်ရွက် နိုင်ကြပြီ ဖြစ်သည်။ အချို့ စားသုံးသီးနှံ စိုက်ခင်းများတွင် သီးနှံ အထွက်တိုးရေး အတွက် ယခင်က ဓာတ်မြေသြဇာ များကို အသုံးပြု ခဲ့ကြရာမှ ယခု အော်ဂဲနစ် မြေသြဇာများကို အသုံးပြု နေကြပြီး ပိုးမွှား ကင်းစင်ရေး အတွက် ဓာတု ပိုးသတ်ဆေး အသုံးမပြု တော့ဘဲ သဘာဝ ပိုးသတ်ဆေးများ ပြောင်းလဲ အသုံးပြု နေပေပြီ။

ဓာတု ပိုးသတ်ဆေး များသည် ဆေး အမျိုးအစား အလိုက် အသုံးပြု ပြီးလျှင် သီးနှံများ ဆွတ်ခူးရန် အချိန်ကာလ စောင့်ဆိုင်းမှသာ ဓာတု ပိုးသတ်ဆေး၏ ဓာတ်ကြွင်း ကင်းစင်မည် ဖြစ်သည်။ ဓာတု ပိုးသတ်ဆေးများ ကိုင်တွယ် အသုံးပြု ရာတွင် စနစ်တကျ ကိုင်တွယ် အသုံးမပြု တတ်ပါက လူကို အန္တရာယ် ဖြစ်စေနိုင်သည်။ သီးနှံ စိုက်ခင်းများတွင် ဓာတု ပိုးသတ်ဆေး ဖျန်းပြီး အချိန် မစောင့်ဆိုင်းဘဲ ဟင်းသီးဟင်းရွက် များကို ဆွတ်ခူး စားသုံးလျှင် ပိုးသတ်ဆေး ဓာတ်ကြွင်းများ ပါရှိခြင်းကြောင့် အန္တရာယ် ကင်းသော သဘာဝ ပိုးသတ်ဆေး များကို အသုံးပြု လာကြခြင်း ဖြစ်သည်။

သဘာဝ အပင်များ၏ အသီး၊ အရွက်၊ အစေ့ များမှ ဖော်စပ်ထားသော သဘာဝ ပိုးသတ်ဆေးများ အသုံးပြု ရာတွင် တမာ ပိုးသတ်ဆေးကို အများဆုံး အသုံးပြု ကြသည်။ တမာ ပိုးသတ်ဆေးသည် ဖျက်ပိုးများအား ချက်ချင်း မသေစေနိုင် သော်လည်း သီးနှံဖျက် ပိုးများ မလာရောက် နိုင်အောင် ဟန့်တားနိုင်သည့် အပြင် ပိုးမွှား မျိုးဆက်ဖြတ် ပစ်နိုင်သော ဆေးစွမ်းရှိသည်။ တမာ ပိုးသတ်ဆေး သက်တမ်းသည် အနည်းဆုံး သုံးနှစ်အထိ အာနိသင်ရှိပြီး ဓာတ်ကြွင်း မကျန်ရှိခြင်း ကြောင့် စားသုံးသီးနှံ စိုက်ပျိုးရေး လုပ်ငန်းများတွင် အန္တရာယ် ကင်းစွာ အသုံးပြုနိုင်ပြီး ဓာတု ဓာတ်ကြွင်း ကင်းစင်သော စားသုံးသီးနှံ များကို စိုက်ပျိုး ထုတ်လုပ်နိုင် သဖြင့် စားသုံးသူများ အနေဖြင့်လည်း အန္တရာယ် ကင်းစွာ စားသုံးနိုင်မည် ဖြစ်သည်။

ဓာတု ပိုးသတ်ဆေး များသည် သီးနှံဖျက်ပိုး များကို ချက်ချင်း သေစေနိုင် သော်လည်း ပတ်ဝန်းကျင်ရှိ ရေထု၊ မြေထုနှင့် လေထု တို့တွင် ဓာတ်ကြွင်းများ ကျန်ရှိခြင်း၊ ဆက်တိုက် သုံးစွဲပါက ဆေးယဉ်ပါးမှု များဖြစ်ကာ ပိုးများထပ်တိုး ပေါက်ဖွားလာခြင်း၊ သဘာဝ မိတ်ဆွေပိုးများ သေစေခြင်းကြောင့် အဖျက်ပိုးများ တစ်ဟုန်ထိုး ပွားများလာခြင်း တို့ ဖြစ်ပေါ် စေသည်။

ယနေ့ကာလတွင် ရာသီဥတု ပြောင်းလဲမှုကြောင့် သီးနှံစိုက်ခင်း များတွင် ပိုးမွှားရောဂါ ကျရောက်မှု ပိုမိုများပြား လာလျက်ရှိရာ တောင်သူများသည် အစွမ်းထက်ပြီး လျင်မြန် ထိရောက်မှု ရှိသော ဓာတု ပိုးသတ်ဆေး များကို အတိုင်းအဆမရှိ သုံးစွဲလာကြ ခြင်းကြောင့် စားသုံးသူများ အတွက် ပို၍စိုးရိမ်ဖွယ် ဖြစ်လာကြရသည်။

သို့ဖြစ်၍ စားသုံးသီးနှံ စိုက်ပျိုးထုတ်လုပ် ကြရာတွင် ဓာတု ပိုးသတ်ဆေးများ အသုံးပြုမည့် အစား သဘာဝ ပိုးသတ်ဆေး များကိုသာ အသုံးပြုသည့် အော်ဂဲနစ် စိုက်ပျိုးစနစ် ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက် ခြင်းသည် အားလုံးအတွက် အန္တရာယ် ကင်းကြောင်း သတိမူကြ ရမည်ဖြစ် ပေသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment