Pages

Friday, September 19, 2014

ကမ္ဘာ့ပထမဦးဆုံး ကျောက်စိမ်းစေတီတော် ကြီးတွင် ကျောက်စိမ်း ဆင်းတုတော်ပေါင်း သုံးသောင်းကျော် ကပ်လှူပူဇော် ထားပြီးဖြစ်



မန္တလေး ၊ ၁၉-၉-၂၀၁၄

မန္တလေးမြို့ အမရပူရ မြို့နယ်တွင် တည်ထားလျက် ရှိသည့် ကမ္ဘာ့ ပထမဦးဆုံး ကျောက်စိမ်း စေတီတော်မြတ်ကြီး တွင် နှစ်လက်မ ပတ်လည် ကျောက်စိမ်း ရုပ်ပွားတော်ပေါင်း သုံးသောင်းကို ကပ်လှူ ပူဇော်ပြီး ဖြစ်ရာ တည်ထားရေး လုပ်ငန်းများကို လာမည့် နှစ်ကုန်ပိုင်းတွင် ပြီးစီးရန် ရည်မှန်း ထားကြောင်း သိရသည်။ 

ကျောက်စိမ်း စေတီတော်မြတ်ကြီး သို့ လာရောက် ဖူးမြော်ကြည်ညို သူများ အပန်းဖြေ အနားယူနိုင်ရန် အတွက် စေတီတော်ကြီး ၏ ပတ်လည်တွင် ဥယျာဉ်တော်များ ထည့်သွင်း ပုံဖော် ထားမည်ဖြစ်ရာ ဥယျာဉ်တော် အတွင်း၌ မုစလိန္ဒာ ရေကန်ကြီး ပါဝင်မည် ဖြစ်ပြီး ကန်ကြီး၏ အလယ်တွင် နဂါးရုံဘုရား တစ်ဆူ စံပယ်နေမည် ဖြစ်ကြောင်း၊ ထို့အတူ စေတီ ဝဲယာတို့တွင် ရှင်သီဝလိ ရဟန္တာ မထေရ်မြတ် နှင့် ရှင်ဥပဂုတ္တ ရဟန္တာ မထေရ်မြတ် တို့၏ ကျောင်းဆောင် တော်များ တည်ရှိမည် ဖြစ်ကြောင်း ကျောက်စိမ်း စေတီတော်မြတ်ကြီး အတွက် ဒီဇိုင်းများနှင့် ပန်းပုရုပ်ထု များကို ထုဆစ် ကပ်လှူသည့် ပညာရှင် တစ်ဦးက ပြောသည်။

''ကန်ကြီး အလယ်မှာရှိတဲ့ နဂါးရုံ ဘုရားနဲ့ ရဟန္တာမထေရ်မြတ် တွေကို အဆင်ပြေစွာ ဖူးမြော်ကြည်ညို နိုင်ဖို့အတွက် တံတားတွေနဲ့ ပတ်လမ်းတွေကို စီစဉ် ပေးထားမှာ ဖြစ်ပါတယ်။ လက်ရှိ ဆောင်ရွက်နေတဲ့ အပိုင်းကတော့ ကျောက်စိမ်း ငှက်ပျောဖူးကြီး ကို ပုံဖော် ပြုလုပ်နေပြီး ကျောက်စိမ်း စိန်ဖူးတော်ကြီး ကိုလည်း ထုလုပ်ထားပြီး ဖြစ်ပါတယ်။ တည်ထားမှု လုပ်ငန်းတွေ မပြီးသေး ပေမယ့် အခါကြီး ရက်ကြီးတွေနဲ့ ဥပုသ်ရက် တွေမှာ စေတီတော် ကြီးကို လာရောက် ဖူးမြော်ကြည်ညို လေ့လာသူ တွေနဲ့ စည်ကားလျက် ရှိပါတယ်'' ဟု ၄င်းက ဆက်လက် ရှင်းပြသည်။ 

မုခ်ဦးလေးမုခ် အပါအဝင် လှေကား လေးဖက်၊ မကန်း၊ သရက်ကင်းများ၊ စိန်တောင်များ နှင့် စေတီတော် တစ်ဆူလုံးအား ကျောက်စိမ်း မြန်မာမှု အနုပညာ လက်ရာများ နှင့်အတူ ဖန်တီး ပေါင်းစပ် တည်ထားခြင်း ဖြစ်ရာ မြန်မာမှု လက်ရာပိုင်း အတွက် အေးအေးခိုင် ကျောက်မျက် ကုမ္ပဏီ မှ ကျောက်စိမ်း မြန်မာမှု ပညာရှင်များ က တာဝန်ယူ ဆောင်ရွက် ထားခြင်း ဖြစ်ကြောင်း၊ ကမ္ဘာတည်သရွေ့ ကျောက်စိမ်း စေတီတော် မြတ်ကြီး တည်ရှိနေရေး အတွက် ရည်ရွယ်ကာ ငလျင်ဒဏ် ရစ်ခ်ျတာစကေး ၇ ဒသမ ၅၉ နှင့် လေဒဏ်များ ကို ခံနိုင်ရည် ရှိစေရန် ရည်ရွယ်ကာ နောက်ဆုံးပေါ် တည်ဆောက်ရေး စနစ်ဖြစ်သည့် ဘိုးပိုင်စနစ် နှင့် အတူ သံကူ ကွန်ကရစ်၊ အဆင့်မြင့် သံမဏိ စတီးများ နှင့် အမာခံရယူ တည်ထား ခြင်းဖြစ်သည်။

အဆိုပါ ကျောက်စိမ်း စေတီတော် ကြီး၏ ဉာဏ်တော်မှာ ထီးတော်မပါ ဝင်ဘဲ ၇၅ ပေ ၆ လက်မ ရှိကြောင်း သိရသည်။ (ဝ၅ဝ)

#Yadanarpondaily

No comments:

Post a Comment