Pages

Sunday, September 28, 2014

မြန်မာ့ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများ သက်ဆိုင်ရာမှ ဆင်ဆာ ပြန်လည် တည်းဖြတ်မည်


ရန်ကုန် ၊ ၂၈-၉-၂၀၁၄

မြန်မာ့ရိုးရာ ယဉ်ကျေးမှု၊ မြန်မာလူမျိုး တို့၏ ဓလေ့ထုံးစံ စသည်တို့နှင့် အညီ တင်ဆက် ပြသသော မြန်မာ့ရုပ်ရှင်များ နှင့် ဗီဒီယိုကားများ ပေါ်ထွန်း လာစေရန် ရည်ရွယ်ချက်ဖြင့် ပြည်တွင်း၌ ရိုက်ကူး ထုတ်လုပ်နေသော ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားများကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ကာ သက်ဆိုင်ရာမှ ဆင်ဆာ စစ်ဆေးခြင်း ပြန်လည် ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာ့ရုပ်ရှင် မြှင့်တင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခင်က ဆင်ဆာ စစ်ဆေးရာတွင် ရုပ်ရှင် နှင့် ဗီဒီယို ဆင်ဆာအဖွဲ့၏ မူနှင့် စည်းကမ်းချက် ၁ဝ ချက်အပေါ်တွင် အခြေခံကာ စစ်ဆေးခဲ့ သော်လည်း ရုပ်ရှင် အနုပညာ အသိုင်းအဝိုင်း မှ ဝိုင်းဝန်း တောင်းဆိုသည့် အတွက် ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှ စတင်ကာ စည်းကမ်းချက်မူ လေးချက်ကို လျှော့ပေါ့ ပေးခဲ့သည်။

ထိုကဲ့သို့ လျှော့ပေါ့ ပေးခဲ့ပြီး နောက်ပိုင်းတွင် ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားအချို့၌ ပါဝင်သော အနုပညာ ဖန်တီးမှု များသည်လူငယ်များ အတုယူ မှားယွင်း နိုင်စေခြင်း၊ ဘာသာရေး အရ အထင်အမြင် သေးခံရနိုင်ခြင်း၊ သရုပ်ပျက် လွန်းသော ဝတ်စားဆင်ယင်မှု များကြောင့် မြန်မာ့ ယဉ်ကျေးမှုကို ထိခိုက်လာ နိုင်ခြင်း စသည့် မလိုလား အပ်သော အကျိုးဆက်များ ဖြစ်ပေါ် လာစေနိုင် လောက်အောင် စည်းကမ်း ဘောင်များ ကျော်လွန် လာသည့်အပြင် မြန်မာလူမျိုး များ၏ ဓလေ့ထုံးစံ မဟုတ်သည် များကို သရုပ်ဆောင် ထားခြင်း၊ ညစ်ညမ်းသော စကားလုံးများ၊ အပြုအမူ များ ထည့်သွင်း ထားခြင်း တို့ကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်း များမှ ဆင်ဆာ တည်းဖြတ်ခြင်း ပြန်လည် လုပ်ဆောင်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily

No comments:

Post a Comment