Pages

Tuesday, September 23, 2014

လျှပ်စစ်ဓာတ်အား ဖူလုံရေး


လျှပ်စစ်ဓာတ်အား ဖူလုံရေး

ဤကမ္ဘာမြေ ပေါ်ရှိ မည်သည့်နေရာ မည်သည့်ဒေသ တွင်မဆို ရေ၊ မြေ၊ လေ တည်းဟူသော သဘာဝ သယံဇာတများ တည်ရှိ နေပါသည်။ အဆိုပါ သဘာဝ သယံဇာတ များကို လူတို့၏ ကြံစည် တီထွင်မှုအား၊ နည်းပညာနှင့် အရင်းအနှီး စွမ်းအား များဖြင့် ထုတ်ယူ အသုံးချလျက် ရှိသည်ကို မျက်မှောက်ကာလ ဒေသ တော်တော်များများ ၌ မြင်တွေ့ နေရသည်။

အဆိုပါ ရေ၊ မြေ၊ လေ၊ သယံဇာတ သုံးမျိုးတွင် ရေသယံဇာတ နှင့် လေသယံဇာတ တို့သည် ထုတ်ယူ သုံးစွဲ၍ မကုန်နိုင်သည့် သဘာဝ သယံဇာတများ ဖြစ်သည်။ ဖွံ့ဖြိုးပြီး နိုင်ငံများတွင် အဆိုပါ သယံဇာတ များကို ကိုယ်ပိုင် အရင်းအနှီး များဖြင့် ထိထိ ရောက်ရောက် အသုံးချလျက် ရှိသည်ကို လည်း အားကျဖွယ် မြင်တွေ့ နေရသည်။

မြန်မာနိုင်ငံ တွင်မူ ရေသယံဇာတ အရင်းအမြစ် များကို ရှာဖွေ ဖော်ထုတ်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ လယ်ယာ စိုက်ပျိုးရေး တို့တွင် လက်တွေ့ အသုံးချ နေသည်ကို တွေ့နေရသည်။ လေသယံဇာတ ကိုမူ နည်းပညာနှင့် အရင်းအနှီး ပမာဏ များပြား သဖြင့် လက်တွေ့ အသုံးမချ နိုင်သေးဟု ဆိုသည်။ မြန်မာနိုင်ငံရှိ နေရာဒေသ တော်တော် များများတွင် လေစွမ်းအင် ထုတ်ယူ နိုင်သော အခြေအနေ ကောင်းများ ရှိသည်။ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် တနင်္သာရီတိုင်း ဒေသကြီး တို့တွင် လေစွမ်းအင် ထုတ်ယူ နိုင်သော နေရာများစွာ ရှိရာ အဆိုပါ ဒေသကြီးများ ရှိ နေရာခုနစ် နေရာတွင် လျှပ်စစ်ဓာတ်အား ပမာဏ မဂ္ဂါဝပ် ၂၉၃ဝ ထုတ်လုပ် နိုင်မည့် လေစွမ်းအင် စက်ရုံများ တည်ဆောက်ရန် စူးစမ်း လေ့လာလျက် ရှိသည်ဟု သိရသည်။

ထို့ပြင် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း ဒေသကြီး နှင့် ရန်ကုန်တိုင်း ဒေသကြီး တို့ရှိ လေစွမ်းအင် အရင်းအမြစ် အားကောင်းသော နေရာများ၌ လျှပ်စစ်ဓာတ်အား ပမာဏ ၁၁ဝ၂ မဂ္ဂါဝပ် ထုတ်လုပ် နိုင်မည့် လေစွမ်းအင် စက်ရုံများ တည်ဆောက်ရန် ရည်ရွယ် ထားသည်ဟု လည်း သိရသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု နှင့် သုံးစွဲမှုမှာ ကွာဟချက်များ ရှိနေ သော်လည်း သက်ဆိုင်ရာ ဌာနက နည်းလမ်း ပေါင်းစုံဖြင့် ဆောင်ရွက် ပေးလျက် ရှိသောကြောင့် ပြည်သူများ လျှပ်စစ်ဓာတ်အား ရရှိ သုံးစွဲနိုင်မှုမှာ တိုးတက် လာခဲ့သည်ဟု ဆိုရပေမည်။ သို့သော် လူဦးရေ၊ ဝန်ဆောင်မှု၊ စက်မှုလုပ်ငန်း ဖွံ့ဖြိုးမှု နှင့် မြို့ပြဖွံ့ဖြိုး တိုးတက်မှု များမှာ တစ်နေ့တခြား တိုးတက် များပြား လာလျက်ရှိရာ လက်ရှိ ထုတ်ထုတ် ပေးနေသော မဂ္ဂါဝပ် ၂ဝဝဝ ဖြင့် မလောက်င နိုင်သော ကြောင့် လိုအပ်သော လျှပ်စစ်ဓာတ်အား များ ရရှိရေးကို တိုးတက် ကြံဆရှာဖွေ နေရဆဲ ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အလိုအပ်ဆုံး ဖြစ်သည့် လျှပ်စစ်ဓာတ်အား ပြည့်စုံစွာ ရရှိနိုင်ရေး အတွက် သဘာဝ လေစွမ်းအင် အရင်းအမြစ် များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ် နိုင်မည့် စီမံကိန်း များကို အောင်မြင်အောင် ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း တင်ပြ ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment