Pages

Friday, September 19, 2014

ဒီမိုကရေစီ နှင့် ထိုက်တန်သော ပြည်သူ


ဒီမိုကရေစီ နှင့် ထိုက်တန်သော ပြည်သူ

မြန်မာနိုင်ငံသည် ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်သစ် ဆီသို့ ဦးတည် လျှောက်လှမ်း နေသော နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ ဒီမိုကရေစီ ကို မွေးဖွား သန့်စင် ခဲ့သည်မှာ မကြာလှ သေးသော်လည်း လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ လွတ်လပ်စွာ လုပ်ကိုင်ခွင့်၊ လွတ်လပ်စွာ ရေးသား ထုတ်ဖော်ခွင့် စသည့် ဒီမိုကရေစီ စံနှုန်း များနှင့်အညီ တံခါးဖွင့် ပေးထားသည်မှာ အထင်အရှား ဖြစ်သည်။

ပြည်သူတစ်ယောက် အနေဖြင့် ဒီမိုကရေစီ ကျင့်စဉ်နှင့် အညီ တန်းတူညီတူ အခွင့်အရေးများ ရရှိနိုင် သကဲ့သို့ တစ်ဖက် ကလည်း ဥပဒေက ပြဋ္ဌာန်း ထားသည့် စည်းမျဉ်း၊ စည်းကမ်း များကို လိုက်နာ ကြရန် လိုသည်။ စည်းကမ်း ချိုးဖောက်ခြင်း၊ စည်းကမ်း မလိုက်နာခြင်း၊ စည်းကမ်း ကို တန်ဖိုး မထားကြ ခြင်းသည် ဒီမိုကရေစီ ၏ ဆန့်ကျင်ဘက် ဖြစ်သည်။ ဒီမိုကရေစီ ကျင့်သုံးသည့် နိုင်ငံများတွင် စည်းကမ်းကို အထူး လေးစား လိုက်နာ ကြသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ကို ကျင့်သုံး နေပြီ ဖြစ်သော်လည်း စည်းကမ်း လိုက်နာတတ်မှု လွန်စွာ အားနည်း နေဆဲ ဖြစ်သည်ကို တွေ့နေ ရသည်။ ပလက်ဖောင်းပေါ် ကားမရပ်ရ ဟု ဆိုသော်လည်း ပလက်ဖောင်း များပေါ် ကားထိုး နေကြသည်။ ကွမ်းတံတွေး မထွေးရ ဆိုသည့် နေရာများ၌ ကွမ်းတံတွေး ထွေးနေကြ သည်။ အမှိုက်မပစ်ရ ဆိုသော နေရာများ၌ စည်းကမ်းမဲ့ အမှိုက်ပစ် နေကြ သည်။ မီးပွိုင့်တွင် မီးနီနေစဉ် ကားများ ဖြတ်မောင်း နေကြသည်။

ထိုသို့သော ဒီမိုကရေစီနှင့် ဆန့်ကျင်သော စည်းကမ်းမဲ့ အပြုအမူ များကို နေရာ တော်တော် များများ၌ တွေ့နေရဆဲ ဖြစ်သည်။ လွတ်လပ်ပြီ ဆိုတိုင်း စည်မဲ့ကမ်းမဲ့ လုပ်ကိုင်ခြင်း၊ အတိုင်းအဆ မဲ့စွာ လွတ်လပ်ခြင်း မျိုးကို လွတ်လပ်မှု ဟု မခေါ်ဆို နိုင်ဘဲ ရမ်းကားခြင်း၊ မိုက်မဲခြင်း မျိုးဟုသာ ဆိုနိုင်သည်။

ဒီမိုကရေစီ ဆိုသည်မှာ အများအကျိုး၊ ကိုယ့်အကျိုးကို မထိခိုက်ဘဲ စည်းကမ်းတကျ လုပ်ကိုင်၍ အများအကျိုး ကိုယ့်အကျိုး ကို ဖွံ့ဖြိုး တိုးတက် စေသည့်စနစ် ဖြစ်သည်။ ဒီမိုကရေစီ ၏ သဘောကို လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းက ''ကျုပ် ဟင်္သာတဘက် ရောက်တုန်းက လွတ်လပ်ရေး ရပြီဆိုပြီး လမ်းတွေပေါ်မှာ ဆေးရွက်ကြီးတွေ လှန်းထားတာ တွေ တွေ့ရတယ်။ လွတ်လပ်ရေး ဆိုတာ စည်းမဲ့၊ ကမ်းမဲ့ လုပ်လို့ မရဘူး'' ဟု ပြောကြား ခဲ့သည်။ ထို့အတူ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ လွတ်လပ်စွာ လုပ်ကိုင်ခွင့် နှင့် လွတ်လပ်စွာ ရေးသား ထုတ်ဖော်ခွင့် ဟူသည့် ဒီမိုကရေစီ ကိုလည်း စည်းမဲ့ကမ်းမဲ့ လုပ်၍ မရနိုင်ဟု သိကြရန် လိုသည်။

သို့ဖြစ်ရာ ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်သစ် ဆီသို့ ဦးတည် လျှောက်လှမ်း နေချိန် ဒီမိုကရေစီကို မွေးဖွား သန့်စင်၍ ကြီးထွား လာရန် ကြိုးပမ်း နေချိန်တွင် ဒီမိုကရေစီ နှင့် မထိုက်တန်သည့် စည်းမဲ့ကမ်းမဲ့ အပြုအမူ အနေအထိုင် အကျင့်အကြံ များကို ပြုပြင်၍ ဒီမိုကရေစီ နှင့် ထိုက်တန်သည့်၊ စည်းကမ်းကို လေးစား လိုက်နာသည့်၊ တာဝန်သိသည့် ပြည်သူများ အဖြစ် ဥပဒေ က ပြဋ္ဌာန်း ထားသည့် စည်းမျဉ်း စည်းကမ်း များကို လေးစား လိုက်နာ သွားကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment