Pages

Sunday, September 28, 2014

မြခွာညို မိကျောင်းမွေးမြူရေး စခန်းမှ မိကျောင်းငယ် များကို စားသောက်ဆိုင် များက ၀ယ်ယူမှုများ ရှိနေ



ရန်ကုန် ၊ ၂၈-၉-၂၀၁၄

ရန်ကုန်တိုင်း ဒေသကြီးရှိ မြခွာညို သာကေတ မိကျောင်း မွေးမြူရေး စခန်းမှ အသေးစား တိရစ္ဆာန်ရုံ ငယ်များ ပါရှိသည့် စားသောက်ဆိုင် များနှင့် အပန်းဖြေ စင်တာများက တစ်ပေအရွယ် မှ နှစ်ပေအရွယ် မိကျောင်းငယ်များ ဝယ်ယူမှု ရှိနေကြောင်း သိရသည်။

သာကေတ မိကျောင်း မွေးမြူရေး စခန်းမှ မိကျောင်းများကို တိရစ္ဆာန် အလှပြ စခန်းများ၊ မီနီဇူး များတွင် ထားရှိပါက ရောင်းချ ပေးသွားမည် ဖြစ်သော်လည်း ကိုယ်ပိုင် သီးသန့် မွေးမြူလိုသူ များကိုမူ ရောင်းချပေးမည် မဟုတ်ကြောင်း လည်း သိရသည်။ မိကျောင်း များကို တစ်ပေ အရွယ်မှ နှစ်ပေ သုံးပေအရွယ် အတွင်းသာ ရောင်းချ ပေးသွားမည် ဖြစ်ပြီး ၁ဝ ပေ အထက် ကျော်လာ ပါက မိကျောင်း မွေးမြူရေး စခန်းမှ မိကျောင်း ထိန်းသိမ်း ကျွမ်းကျင် သူများနှင့် ပြန်လည် ဖမ်းဆီးကာ အကောင်ငယ် လေးများနှင့် ပြန်လည် လဲလှယ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်း ဒေသကြီးရှိ မြခွာညို သာကေတ မိကျောင်း မွေးမြူရေး စခန်းသို့ နိုင်ငံတကာ ခရီးသွားများ လာရောက် လေ့လာမှုများ ရှိလာကြောင်း လည်း သိရသည်။ အဆိုပါ မြခွာညို မိကျောင်း မွေးမြူရေး စခန်းကို သာကေတ မြို့နယ် စက်မှုလက်မှု ရပ်ကွက် ငမိုးရိပ်ချောင်း အနီး မြခွာညိုလမ်း ၌ ဖွင့်လှစ် ထားခြင်းဖြစ်ပြီး ယခင်က ပြည်တွင်းမှ လေ့လာသူများ သာ မထင်မရှား ရှိခဲ့သော်လည်း ယခု နှစ်ပိုင်း အတွင်း လာရောက် လေ့လာ ကြည့်ရှုသူ နိုင်ငံတကာ ခရီးသွား များလည်း ရှိလာကြောင်း သိရသည်။

အဆိုပါ မိကျောင်း မွေးမြူရေး စခန်းကို သာကေတ မြို့နယ်ရှိ မြေဧက ၄ဝ ပေါ်တွင် တည်ဆောက် ထားခြင်းဖြစ်ပြီး မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာန လက်အောက် တွင် တည်ရှိကာ သက်တမ်း အားဖြင့် ၃၆ နှစ်ပြည့်ပြီ ဖြစ်ကြောင်း သိရသည်။

မိကျောင်း များသည် နှစ်စဉ် ဖေဖော်ဝါရီလမှ ဧပြီလ အတွင်း မိတ်လိုက် တတ်ပြီး ဧပြီလ မှ ဇူလိုင်လ အတွင်း ဥများဥချ တတ်ကာ ရက်ပေါင်း (၉ဝ) အကြာ တွင် အကောင် ပေါက်လေ့ ရှိကြောင်း သိရသည်။ အကောင်ပေါက် လေး များမှာ စတင် ပေါက်ကာစတွင် ရှစ်လက်မခန့် ရှိပြီး တစ်နှစ်ခန့် အကြာတွင် တစ်ပေခန့် အထိ ကြီးထွား လာကြောင်း သိရသည်။

အဆိုပါ သာကေတ မိကျောင်း မွေးမြူရေး စခန်းတွင် စုစုပေါင်း ဝန်ထမ်းအင်အား ၁၄ ဦးဖြင့် တစ်ပေ အရွယ်မှ စတင်ကာ ၁ဝ ပေအထက် ရှိ မိကျောင်း အကောင်ရေ ၅ဝ၆ ကောင် မွေးမြူ ထားကြောင်း သိရသည်။ 

သာကေတ မြခွာညို မိကျောင်း မွေးမြူရေး စခန်း၌ ရေငန် မိကျောင်း တစ်မျိုး တည်းသာ မွေးမြူ ထားရှိပြီး မြန်မာနိုင်ငံ တွင် မိကျောင်း မျိုးစိတ်ပေါင်း ၂၃ မျိုး ရှိသည် ဟုလည်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment