Pages

Tuesday, July 22, 2014

နှစ်သက်တမ်း ၂၁၅ နှစ်ရှိ သမိုင်းဝင် တန်ဖိုးကြီးမားသည့် ရှေးဟောင်း ခေါင်းလောင်းကြီး



ဝက်လက် ၊ ၂၂-၇-၂၀၁၄

ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် အဖြစ် သတ်မှတ် ခံခဲ့ရသည့် ဝက်လက်မြို့နယ် ဟန်လင်း ပျူမြို့ဟောင်းမှ သမိုင်းဝင် ရွှေဂူကြီး ဘုရားရင်ပြင် တော်တွင် ချိတ်ဆွဲ လှူဒါန်းထားသည့် ရှေးဟောင်း ခေါင်းလောင်းကြီး သည် ကုန်းဘောင် မင်းဆက် များ၏ မြို့တည် နန်းတည် သက္ကရာဇ် နှင့် ဟန်လင်းမြို့၏ သမိုင်းကို ဖော်ပြနေသည့် သမိုင်း တန်ဖိုးကြီးမား သည့် ခေါင်းလောင်း တော်ကြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခေါင်းလောင်းကြီး ကို ဘိုးတော်ဘုရား လက်ထက် သက္ကရာဇ် ၁၁၆ဝ ပြည့်နှစ်တွင် မြေးတော် စစ်ကိုင်းမင်း (ဘကြီးတော်) ၏ အချီတော် ဝန်မင်း နေမျိုးကျော်စွာ ဇနီး မောင်နှံ တို့က ဟံသာနာဂရ ဟန်လင်းမြို့၊ သီရိဓမ္မာ သောကမင်းကြီး ကောင်းမှု ရွှေဂူကြီး ဘုရားတွင် ရွှေဇရပ်၊ ရွှေစောင်းတန်းများ ဆောက်လုပ် ပြီးနောက် သလွဲစင်ပေါင်း ၃၆၆ဝဝ ကျပ်ဖြင့် သွန်းလောင်းကာ ချိတ်ဆွဲ လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း ခေါင်းလောင်းစာ အရ သိရသည်။

ခေါင်းလောင်းစာ တွင် ''ဟံသာနာဂရ ဟန်လင်းမြို့၌ သီရိသုဓမ္မာ သောကမင်းကြီး ကောင်းမှု မဟာဟရီဂူ မည်ပြီး ရွှေကူကြီး စောဘုရားအား ရွှေစရပ်၊ ရွှေစောင်းတန်း တွန်တွန်ပြီးခါ ငွေအသပြာ အသောင်း မက ဒါနဝတ္ထု တို့ဖြင့် သာဓုနုမော် ခေါ်ပါပြီ သတည်း။ သာသနာနှစ် ၂၃၄၂ ခုနှစ်၊ သက္ကရာဇ် ၁၁၆ဝ အဒြနှစ် ရောက်သော အခါ စကြာ ငါးတောင်၊ ကအောင်မြဲဝင် တည်စေချင်၍ သလွဲစင်ပေါင်း ၃၆၆ဝဝ များစွာ ကျပ်ကျိန် မတ်ထိန်တုံပြီး  ခေါင်းလောင်းကြီး...'' ဟူ၍ ရေးထိုးထား သဖြင့် နှစ်ပေါင်း ၂၁၅ နှစ် သက်တမ်း ရှိသည့် ရှေးဟောင်း ခေါင်းလောင်း ကြီးသည် ကြေးစင်သွန်း ခေါင်းလောင်း မဟုတ်ဘဲ သလွဲစင် (ခဲမဖြူ ) ဖြင့် သွန်းလောင်းသည့် ခေါင်းလောင်း ဖြစ်ကြောင်း သိရသည်။

ခေါင်းလောင်းစာ တွင် အလောင်း မင်းတရားကြီး ၏ ရတနာသိင်္ဃ ကုန်းဘောင် ပြည်ကြီး (ရွှေဘိုမြို့) တည်ထောင်နှစ်၊ နောင်တော်ကြီး မင်း၏ မဟာဇေယျပူရ စစ်ကိုင်း မြို့တည်နှစ် ဆင်ဖြူရှင် မြေဒူးမင်း၏ ရတနာပူရ၊ အင်းဝ မြို့တည်နှစ် နှင့် ဘိုးတော် ဘုရားဗဒုံမင်း ၏ အမရပူရ မြို့တည်နှစ် တို့ကို သာသနာနှစ်ဖြင့် ရေးထိုး မှတ်တမ်းတင် ထားသည်ကို လေ့လာတွေ့ရှိ ရသဖြင့် သမိုင်း တန်ဖိုးကြီးမား လှသည့် ရှေးဟောင်း ခေါင်းလောင်း ဖြစ်၍ ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်ကြောင်း သမိုင်း လေ့လာသူ တစ်ဦးက ပြောပြသည်။

နှစ်သက်တမ်း ၂၁၅ နှစ် ရှိပြီဖြစ်သည့် အချီတော် ဝန်မင်း နေမျိုးကျော်စွာ ကောင်းမှု ရှေးဟောင်း ခေါင်းလောင်းကြီး ကို ဟန်လင်းမြို့ ဟောင်းရှိ သီရိဓမ္မာ သောကမင်းကြီး ကောင်းမှု ရွှေဂူကြီးဘုရား ရင်ပြင်တော် အရှေ့ မြောက်ထောင့် (တနင်္ဂနွေထောင့်) တွင် ချိတ်ဆွဲ ပူဇော် ထားကြောင်း သိရသည်။ (၁၇ဝ)

#Yadanarpondaily

No comments:

Post a Comment