Pages

Tuesday, July 22, 2014

သန္တာကျောက်တန်းများ အကြောင်း အမျိုးမျိုးကြောင့် ပျက်စီးမှုများ ရှိနေ


ရန်ကုန် ၊ ၂၂-၇-၂၀၁၄

မြန်မာနိုင်ငံ၏ ပင်လယ် ကမ်းရိုးတန်း ဒေသများ တည်ရှိရာ ရခိုင်ပြည်နယ် နှင့် တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ရေအောက် သယံဇာတ သန္တာ ကျောက်တန်းများ သည် အကြောင်း အမျိုးမျိုးကြောင့် ပျက်စီးမှုများ ရှိနေပြီး အချို့မှာ ပျက်စီးစပြု နေပြီ ဖြစ်ကြောင်း အဏ္ဏဝါဗေဒ ဆိုင်ရာ လေ့လာ သုတေသန ပြုသူများ ထံမှ သိရသည်။

သန္တာ ကျောက်တန်းများ ပျက်စီး ရခြင်း၏ အကြောင်းရင်း များသည် ပင်လယ်ပြင် အတွင်း ငါးခိုးဖမ်းခြင်း၊ ငါးဖမ်းရာတွင် ဗုံးခွဲ၍ ငါးဖမ်းခြင်း၊ သတ်မှတ် ထားသည့် ပိုက်ကွန် မဟုတ်သော ငါးဖမ်းပစ္စည်း များဖြင့် ဖမ်းဆီးခြင်း စသော ကိစ္စများကြောင့် ဖြစ်ကြောင်း၊ သန္တာ ကျောက်တန်းများ ပျက်စီးခြင်း သည် ဂေဟစနစ် ဝန်းကျင်ကို ယိုယွင်း စေနိုင်ကြောင်း၊ သန္တာ ကျောက်တန်းများ လျော့နည်း မှုကြောင့် ရာသီဥတု အခြေအနေကို သက်ရောက် စေနိုင်မည် ဖြစ်ပြီး ရေသယံဇာတ များလည်း လျော့နည်း လာနိုင်ကြောင်း သိရသည်။

ပင်လယ် ရေအောက်တွင် တည်ရှိသော သန္တာ ကျောက်တန်း များသည် သဘာဝ ဘေးအန္တရာယ် များနှင့် ငါးဖမ်းရာတွင် သာမန် ဖမ်းဆီးမှုထက် ပိုသော အပြုအမူ များကြောင့် ယခုကဲ့သို့ ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်ကာ မြန်မာ့ရေပြင် ပိုင်နက် အတွင်းသို့ ခိုးဝင်သော ငါးဖမ်း သင်္ဘောများ ကိုလည်း ထိရောက်စွာ အရေးယူ နိုင်ရန် လိုအပ်ကြောင်း သိရသည်။ 

မိုးအောင်

#Themyawadydaily

No comments:

Post a Comment