Pages
Saturday, July 19, 2014
ချင်းပြည်နယ် ခေါနူးသုန် (ခေါ်) နတ်မတောင် အမျိုးသားဥယျာဉ် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် မဖြစ်နိုင်တော့ဟုဆို
ကန်ပက်လက် ၊ ၁၉-၇-၂၀၁၄
ချင်းပြည်နယ် (တောင်ပိုင်း) ကန်ပက်လက် မြို့နယ်ရှိ အမြင့်ဆုံး တောင်ဖြစ်သည့် ခေါနူးသုန် (ခေါ်) နတ်မတောင် အမျိုးသား ဥယျာဉ်တွင် ကားလမ်း အကျယ် ပေ ၃ဝ ရှိ လမ်းမကြီးများ ဖောက်လုပ်ခြင်း၊ တောမီး အလွန်အကျွံ ရှို့ခြင်း၊ ဘေးမဲ့တော ဧရိယာအတွင်း ကျေးရွာများ ဝင်ရောက် နေခြင်း၊ တောင်ယာများ ခုတ်ထွင် စိုက်ပျိုး နေခြင်း တို့ကြောင့် ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် စည်းကမ်းချက်များနှင့် မကိုက်ညီဘဲ ပယ်ဖျက် ခံရခြင်း ဖြစ်ကြောင်း သိရသည်။
နတ်မတောင် အမျိုးသား ဥယျာဉ် အပါအဝင် မြန်မာနိုင်ငံ မှ ဘေးမဲ့တော နှင့် ဥယျာဉ် ခုနစ်ခုကို ကမ္ဘာ့ ရှေးဟောင်း သဘာဝ အမွေအနှစ် အဖြစ် သတ်မှတ်ရန် ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ လဆန်းက ယူနက်စကို အဖွဲသို့ မြန်မာနိုင်ငံ က တင်သွင်းခဲ့ရာ နတ်မတောင် အမျိုးသား ဥယျာဉ်သည် ယူနက်စကို၏ စည်းကမ်းချက် များနှင့် မကိုက်ညီ သောကြောင့် ကမ္ဘာ့ ရှေးဟောင်း သဘာဝ အမွေအနှစ် အဖြစ် သတ်မှတ်ရန် ခက်ခဲကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာန သို့ အကြောင်းပြန် ကြားခဲ့သည်ဟု သိရသည်။
ကမ္ဘာ့ အမွေအနှစ် စာရင်းတွင် အင်းတော်ကြီး အိုင်နှင့် နတ်မတောင် အမျိုးသား ဥယျာဉ်တို့ ပါဝင်ခဲ့ခြင်း ဖြစ်ပြီး ယူနက်စကို ၏ ဇွန် ၂၂ ရက်က သတ်မှတ်ရာ တွင် ပျူမြို့ဟောင်း သုံးမြို့ကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် အဖြစ် သတ်မှတ် ခဲ့သည်။
နတ်မတောင် အမျိုးသား ဥယျာဉ်သည် ယူနက်ကို စာရင်းတွင် ပါဝင်သော်လည်း အရွေးမခံ ရခြင်းနှင့် ပတ်သက်၍ '' ယူနက်စကို က သတ်မှတ်တဲ့ နေရာမှာ ယဉ်ကျေးမှု နဲ့ ဆိုင်တဲ့ ကမ္ဘာ့ အမွေအနှစ်နဲ့ သဘာဝနဲ့ ဆိုင်တဲ့ ကမ္ဘာ့ အမွေအနှစ် ဆိုပြီး နှစ်ခု ရှိတယ်။ ပျူမြို့ သုံးမြို့ကို ရွေးတာက ယဉ်ကျေးမှု နဲ့ ဆိုင်တဲ့ ကမ္ဘာ့ အမွေအနှစ် ဖြစ်တယ်။
နတ်မတောင်မှာ လမ်းတွေ ဖောက်လုပ် တာက အစိုးရနဲ့ ဆိုင်ပါတယ်။ တောမီး အလွန်အကျွံ ရှို့တာနဲ့ အခြား ကိစ္စတွေက ဒေသခံ တွေနဲ့တော့ ဆိုင်ပါတယ်။ တစ်ဖက်က ဘယ်လိုပဲ ထိန်းသိမ်း ထိန်းသိမ်း တစ်ဖက်က ဒေသခံတွေရဲ့ ဝမ်းစာ ကလဲ အဲဒီက ရတာ ဆိုတော့ ခက်တယ်'' ဟု သဘာဝ ပတ်ဝန်းကျင် နှင့် ပတ်သက်၍ လေ့လာသူ ကန်ပက်လက် ဒေသခံ တစ်ဦးက ပြောသည်။
#Yadanarpondaily
No comments:
Post a Comment