Pages

Friday, June 20, 2014

ယဉ်ကျေးမှုအမွေအနှစ်ဒေသ အဖြစ် သတ်မှတ်ထားသည့် အင်းဝမြို့ဟောင်းတွင် သတိပေးနှိုးဆော်ချက်များ စိုက်ထူ



အင်းဝ ၊ ၂၀-၆-၂၀၁၄

မန္တလေးတိုင်း ဒေသကြီး တံတားဦး မြို့နယ် အတွင်းရှိ အင်းဝမြို့ဟောင်း ကို ယဉ်ကျေးမှု အမွေအနှစ် ဒေသအဖြစ် သတ်မှတ် ပြဋ္ဌာန်း၍ ကာကွယ် ထိန်းသိမ်း စောင့်ရှောက်လျက် ရှိသဖြင့် ယဉ်ကျေးမှု အမွေအနှစ် ဒေသအတွင်း နေထိုင်ကြသည့် ပြည်သူများကို ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ ထုတ်ပြန် ကြေညာ ထားသည့် စည်းကမ်းချက် များကို လိုက်နာကြရန် သတိပေး နှိုးဆော်
ထားကြောင်း သိရသည်။

ဒေသခံ ပြည်သူများ သိရှိလိုက်နာ စေရန် အင်းဝမြို့တွင်း ရှိ အချက်အချာ ကျသည့် တောင်ပေါ် တိုက်ဘုရားစု အနီးနှင့် ရန်နိုင်တံခါး ကျုံးထိပ်လမ်းဆုံ စသည့် နေရာများတွင် အချက်(၇)ချက် ပါရှိသည့် အနီရောင် ဗီနိုင်း ဆိုင်းဘုတ်ကြီး များဖြင့် စိုက်ထူ ကြေညာ ထားကြောင်း၊ ယခုအခါ အင်းဝမြို့ဟောင်း တွင် ယဉ်ကျေးမှုဇုန် နယ်နိမိတ် သတ်မှတ်ချက် ကျောက်စာတိုင် ကိုလည်း စိုက်ထူ ထားပြီး ဖြစ်ကြောင်း သိရသည်။

အင်းဝမြို့ဟောင်း ကို ယဉ်ကျေးမှု အမွေအနှစ် ဒေသများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေ အခန်း(၃)၊ ပုဒ်မ-၄ အရ ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံ တည်ရှိရာဇုန်၊ ရှေးဟောင်း နေရာ တည်ရှိရာဇုန် နှင့် ကာကွယ် ထိန်းသိမ်း ထားသောဇုန် များအဖြစ် ၂ဝဝ၈ ခုနှစ် ဇွန် ၁၃ ရက်တွင် အမိန့် ကြော်ငြာစာ အမှတ် (၁/၂ဝဝ၈) ဖြင့် ယဉ်ကျေးမှု အမွေအနှစ် ဒေသအဖြစ် ထုတ်ပြန် သတ်မှတ်၍ ကာကွယ် စောင့်ရှောက်လျက် ရှိကြောင်း သိရသည်။

အင်းဝမြို့ (ပုံ) ကို သက္ကရာဇ် ၇၂၆ ခုနှစ်တွင် သတိုးမင်းဖျား က စတင် တည်ထောင်ခဲ့၍ မင်းနေပြည်တော် အဖြစ် (၄)ကြိမ် တိုင်တိုင် တည်ထောင်ခဲ့ပြီး မင်းဆက် (၃၁)ဆက် စိုးစံကာ မြို့သက် (၄ဝဝ) တည်တံ့ ခဲ့ကြောင်း၊ အင်းဝမြို့ဟောင်း တွင် နံရံဆေးရေး ပန်းချီ ရှိသော ဘုရား(၅)ဆူ၊ ရှေးဟောင်း ကျောက်စာ ရှိသော ဘုရား(၇)ဆူ၊ ကြေးခေါင်းလောင်းစာ ရှိသော ဘုရား(၃)ဆူ အပါအဝင် ရှေးဟောင်း အဆောက်အအုံ ပေါင်း (၆၂၄)ခု ရှိကြောင်း သိရှိရသည်။ (၁၇ဝ)

#Yadanarpondaily

No comments:

Post a Comment