Pages

Friday, June 20, 2014

လူတိုင်းအတွက် ငွေအသပြာ


လူတိုင်းအတွက် ငွေအသပြာ

ရှေးအခါ ကာလ ကမ္ဘာ အရပ်ရပ်၌ ကုန်သွယ် ရောင်းဝယ်မှုများ ပြုလုပ် ကြရာတွင် ကုန်ပစ္စည်း အချင်းချင်း ဖလှယ်သည့် စနစ်ကို ကျင့်သုံး ခဲ့ကြသည်။ ထိုကဲ့သို့ ကုန်ပစ္စည်း အချင်းချင်း ဖလှယ်သည့် စနစ်တွင် အခက်အခဲပေါင်း များစွာကို ရင်ဆိုင် ကြုံတွေ့ ကြရသည်။

ထို့ကြောင့် အာမခံချက် ပေးနိုင်ပြီး လူသားတိုင်း အားလုံး အသိအမှတ် ပြုနိုင်သော အဖိုးတန် ပစ္စည်း တစ်ခုကို ကြားခံပစ္စည်း တစ်ခုအဖြစ် ပုံသေ သတ်မှတ် သုံးစွဲ လာကြသည်။ ဤသို့ဖြင့် အသပြာ စကားရပ် အဖြစ် အသုံးတွင် ကျယ်လာခဲ့သည်။ တစ်နေရာ နှင့် တစ်နေရာ သုံးစွဲသည့် အသပြာ ပုံစံ ကွဲပြား သော်လည်း အသပြာ၏ အနှစ်သာရမှာ အတူတူပင် ဖြစ်သည်။

ရောင်းသူ ဝယ်သူအကြား၊ ကုန်ပစ္စည်း နှစ်ခုအကြား ပေါင်းကူး ပေးထားသည့် အသပြာမှာ ကမ္ဘာ့အလယ် တွင် မျက်နှာပန်း လှလာသည်။ အသပြာ စနစ်ကြောင့် ကုန်စည် ဖလှယ်သည့် စနစ်မှ ကူးသန်း ရောင်းဝယ်ရေး စနစ် ထွန်းကား လာခဲ့သည်။ ကမ္ဘာ့ ကုန်သွယ်မှု၌ အသပြာစနစ် အားကောင်း မောင်းသန် ဖြစ်လာချိန်တွင် Money Makes Everything အင်္ဂလိပ် စကား တွင်ကျယ် လာခဲ့သည်။ ငွေမပါလျှင် ပွဲမပြီး၊ ငွေမပါလျှင် အလုပ်မဖြစ် သည့် သဘော ဖြစ်လာခဲ့သည်။

မြင်မြင်သမျှ အရာ အားလုံးကို ငွေဖြင့် တန်ဖိုးဖြတ် လာကြပြီး လူသား အားလုံး၏ အရေးသုံးပါး ဖြစ်သည့် စာရေး၊ ဝတ်ရေး၊ နေရေး တို့သည်လည်း ငွေအသပြာ မပါမပြီး ဖြစ်လာရသည်။ ထို့ကြောင့် ငွေနောက်သို့ တကောက်ကောက် လိုက်လာ ကြသည်။ တစ်ချိန်က တချို့နေရာ များတွင် ငွေများ တရားနိုင်၊ ရိက္ခာနှင့် သိက္ခာ အလဲအလှယ် လုပ်လာ ကြသည်။ ငွေနှင့် ပတ်သက်လာလျှင် ငွေရလျှင် ပြီးရောဟု ဆိုကာ ဟီရိသြတ္တပ္ပ အရှက်အကြောက် တရားကင်းမဲ့ လာကြသည်။

ငွေအသပြာကို ငါ့ဟာဟု လောဘတိုက်၊ ရှာဖွေလိုက်နှင့် တချို့ဆိုလျှင် မစားရက်၊ မသောက်ရက်၊ မသုံးရက်နှင့် မတည်မြဲသော လူသားတို့က ကမ္ဘာတည် သရွေ့ ရှိနေမည့် အသပြာကို လွှမ်းမိုးဖို့ ကြိုးစားရင်းက လူဖြစ်ရှုံး နေကြ သူများလည်း အများအပြား ရှိနေသည်။

အသပြာသည် ပုထုဇဉ် လူသားတို့၏ သည်းခြေကြိုက် ဓာတ်စာဟု ဆိုသော်လည်း တစ်ဦးနှင့် တစ်ဦး သုံးစွဲမှုချင်း ကွာခြား သောကြောင့် လူနေမှု အဆင့်အတန်း များလည်း ကွာခြား လာကြရ သည်။ စား၊ ဝတ်၊ နေရေး သည် ဘဝ၏ တန်ဖိုးဟု ခံယူထား ကြသူ အများစုအတွက် အသပြာကို အလေးအမြတ် တန်ဖိုးထား ကြသည်။

ဘဝ တန်ဖိုးသည် စား၊ ဝတ်၊ နေရေး ၏ အထက်တွင် ရှိသည်ဟု ဆိုသည့် ဉာဏ်အမြင် ရှိသူများ အတွက် အသပြာသည် ဖွဲနှင့် ဆန်ကွဲသာ ဖြစ်ပေ လိမ့်မည်။ ဘဝ လျှောက်လမ်း ပေါ်တွင် လိုအပ်ပါက အသုံးပြုသည့် အခင်း နင်းပြားသာ ဖြစ်နေ ပေလိမ့်မည်။

သို့ဖြစ်ရာ လောကတွင် ဖန်တီး ထားသော ငွေအသပြာ နှင့် ဖန်တီး မရသော တန်ဖိုး မဖြတ်နိုင်သည့် ထာဝရ ရတနာ များလည်း ရှိသောကြောင့် ဉာဏ်သတိနှင့် ဆင်ခြင်၍ လူသားတိုင်း အနေဖြင့် ငွေအသပြာ၏ ကျေးကျွန် ဘဝသို့ မရောက်အောင် ကြိုးစား အားထုတ် သင့်ကြောင်း အကြံပြု ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment