Pages

Friday, June 20, 2014

ကလေးအလုပ်သမား လျော့နည်း ပပျောက်ရေးအတွက် တည်ငြိမ်ဖွံ့ဖြိုးရေး


ကလေးအလုပ်သမား လျော့နည်း ပပျောက်ရေးအတွက် တည်ငြိမ်ဖွံ့ဖြိုးရေး

ကမ္ဘာ့ ကလေး အလုပ်သမား ဆန့်ကျင်ရေးနေ့ (၂ဝ၁၄) အခမ်းအနားကို မြန်မာနိုင်ငံ ၌ ပထမဦးဆုံး အကြိမ်အဖြစ် အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှု ဖူလုံရေး ဝန်ကြီးဌာနက အပြည်ပြည် ဆိုင်ရာ အလုပ်သမား ရေးရာ အဖွဲ့တို့နှင့် ပူးပေါင်း၍ ဇွန် ၁၂ ရက်တွင် ကျင်းပ ခဲ့သည်။ အခမ်းအနား တွင် အပြည်ပြည် ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ၏ ကမ္ဘာ့ ကလေးလုပ်သား ဆန့်ကျင်ရေးနေ့ ထုတ်ပြန်ချက် များကို ဖတ်ကြားပြီး မြန်မာနိုင်ငံ တွင် ကလေး အလုပ်သမား ပပျောက်ရေး၊ အလုပ်လုပ်သော ကလေး သူငယ်များ ကာကွယ် စောင့်ရှောက်ခြင်း ဆိုင်ရာ နည်းပညာရပ် လုပ်ငန်းအဖွဲ့၏ ဆောင်ရွက်ချက်၊ အလုပ်ရှင် အဖွဲ့အစည်းများ ကိုယ်စားလှယ် နှင့် အလုပ်သမား အဖွဲ့အစည်း များ၏ ကိုယ်စားလှယ် တို့က ကြိုဆို ပူးပေါင်း ဆောင်ရွက်မှု ထုတ်ပြန်ချက် များကို သက်ဆိုင်သူ တို့က အသီးသီး ဖတ်ကြား တင်ပြခဲ့ ကြသည်။

မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံ များတွင် ရွှေ့ပြောင်း လုပ်သားများ ပြဿနာနှင့် ကလေး အလုပ်သမား ပြဿနာ တို့သည် စိန်ခေါ်မှုများ ဖြစ်နေ ကြသည်။ ဗဟို အမေရိက နိုင်ငံများမှ ကလေး အလုပ်သမား များ အမေရိကန် ပြည်ထောင်စု သို့ တရားမဝင် လာရောက်လျက် ရှိရာ ၂ဝ၁၃ ခုနှစ် အောက်တိုဘာ မှ ၂ဝ၁၄ ခုနှစ် မေအထိ ကလေး အလုပ်သမား ၄၇ဝဝဝ ဝင်ရောက် ခဲ့ကြောင်း အမေရိကန် ပြည်ထောင်စု ပြည်တွင်း လုံခြုံရေးဌာန သတင်းစာ ရှင်းလင်းပွဲ၌ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။ ၄င်း ပြဿနာများ ဖြေရှင်းရန် အမေရိကန် ပြည်ထောင်စု ဒုတိယ သမ္မတ ဂျိုးဘိုင်ဒင် သည် ဂွါတီမာလာ၊ ဘရာဇီး၊ ကိုလံဘီယာ နှင့် ဒိုမီနီကန် သမ္မတ နိုင်ငံ များသို့ ဇွန် ၂ဝ ရက်နေ့တွင် စတင် ထွက်ခွာမည် ဖြစ်ပြီး ၄င်းခရီးစဉ် အတွင်း အယ်လ်ဆာဗေဒို နှင့် ဟွန်ဒူးရပ်စ် နိုင်ငံများသို့ပါ သွားရောက်မည် ဖြစ်သည်။ တရားမဝင် လာရောက်သော ကလေးငယ် များအား အမေရိကန် ပြည်ထောင်စု ရှိ အခြေစိုက် တပ်စခန်း သုံးခု အပါအဝင် အခြား နေရာများ၌ စောင့်ရှောက် ထားသော်လည်း လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ အမေရိကန် ပြည်ထောင်စု အတွင်း နေထိုင် ခွင့်ပြုရန် မဖြစ်နိုင် ကြောင်း သိရသည်။

ဤသို့ ကလေး အလုပ်သမား ပြဿနာ ဖြစ်ပေါ် ရခြင်းသည် ပြည်တွင်းရေး မငြိမ်သက်မှု နှင့် စီးပွားရေး အခွင့်အလမ်း ချို့တဲ့မှု တို့ကြောင့် ဖြစ်သည်။ ဆီးရီးယား ပြည်တွင်းစစ်သည် လေးနှစ်ကြာ ခဲ့ပြီဖြစ်သည်။ နိုင်ငံ လူဦးရေ စုစုပေါင်း၏ လေးပုံတစ်ပုံ မျှရှိသော ပြည်သူ တစ်သန်း ကျော်သည် လက်ဘနွန် နိုင်ငံသို့ တိမ်းရှောင် နေကြ ရသည်။ လက်ဘနွန် နိုင်ငံရောက် ဆီးရီးယားဒုက္ခသည်များမှ ကလေး လုပ်သား ၅ဝဝဝဝ ခန့်သည် မိသားစု စားရေး နှင့် နေရေးအတွက် တစ်နေ့လျှင် ၁၂ နာရီ အလုပ် လုပ်ကိုင် နေကြရသည်။ ဂျော်ဒန်နိုင်ငံ တွင် ဆီးရီးယား ဒုက္ခသည် ၆ဝဝဝဝဝ ခိုလှုံလျက် ရှိရာမှ ကလေး အလုပ်သမား ၆ဝဝဝဝ ရှိသည်။ ကလေးများ၏ လုံခြုံမှု အာမခံချက် မရှိ သဖြင့် ကျောင်းမတက် နိုင်ဘဲ လုပ်ငန်းခွင် ၌သာ ကျင်လည် နေကြရသည်။ အချို့ စစ်ပွဲအတွင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ သူများနှင့် ရောဂါဝေဒနာ ခံစားနေရသော ကလေးများ မှာမူ ကျောင်းလည်း မတက်နိုင်၊ လုပ်ငန်းခွင် လည်း မသွားရောက် နိုင်သည့် အခြေအနေဖြင့် အသက်ရှင် နေကြ ရသည်။

သို့ဖြစ်၍ အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ အစီရင်ခံစာ အရ ကမ္ဘာ့ နိုင်ငံများ၌ ကလေး အလုပ်သမား ဦးရေသည် ၁၆၈ သန်း ရှိနေပြီ ဖြစ်ရကား ကလေး အလုပ်သမား လျော့နည်း ပပျောက်ရေး သည် တည်ငြိမ် အေးချမ်းရေး နှင့် ဖွံ့ဖြိုးရေး အခြေအနေ တို့အပေါ် မူတည်လျက် ရှိနေသည်မှာ မြေကြီး လက်ခတ် မလွဲပင် ဖြစ်ပေသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment