Pages

Saturday, May 10, 2014

အပူစာလား ၊ အအေးစာလား ခွဲခြားနည်းများ


အပူစာလား ၊ အအေးစာလား ခွဲခြားနည်းများ

ကြည်လွင်မြင့်(မုဒြာ)

ရှေးက လူကြီးများ ကျန်းမာခြင်း အကြောင်းရင်း တစ်ခုမှာ နေ့စဉ် စားသောက်သော အစာများကို အပူစာလား၊ အအေးစာလား ခွဲခြားပြီး သိကြသည်။ ထို့အပြင် တက်စာ၊ သက်စာ၊ လေစာ များကိုပါ သိရှိ နားလည်ကြပြီး မသင့်သည့် အစာကို ရှောင်သည်။ ဥတုသုံးပါး တွင်လည်း ပူသည့်ဥတု၊ အေးသည့်ဥတု၊ တက်ဥတု၊ သက်ဥတုများကို နားလည်ပြီး ဥတုနှင့် မသင့်သော အစာများကို ရှောင်ပြီး စားသင့်သော ရာသီပေါ် အစာများကို စားကြသည်။ ထို့ကြောင့် ရှေးလူကြီးများ ကျန်းမာ အသက်ရှည် ကြခြင်း ဖြစ်သည်။

ယခုခေတ် လူငယ်များ၊ လူလတ်ပိုင်း များတွင် ရှေးက အသိပညာများ မရှိတော့ အစားအစာကို အနောက်တိုင်း နည်းအရ ဗီတာမင် နှင့် သတ္ထုဓာတ်၊ ကစီဓာတ်၊ အဆီနှင့် အသားဓာတ် တို့ကိုသာ အဓိကထားသော အာဟာရ ရှုထောင့် အမြင် သက်သက်သာ ရှိတော့သည်။ လှပသော အရောင် ဆိုးဆေးနှင့် သဘာဝ အချို မဟုတ်သော ဟင်းခတ်မှုန့် အချိုမှုန့် ကဲထားသော အစာများကို နေ့စဉ် စားသုံးကြ သဖြင့် အသက်ငယ်ငယ် နှင့်အသည်း အဆီဖုံး ရောဂါ၊ အဝလွန်ရောဂါ၊ သွေးတိုး၊ နှလုံးနှင့် ဆီးချိုရောဂါ၊ ကျောက်ကပ် ရောဂါများ ဖြစ်ပွားသည်ကို တွေ့ရှိ လာရသည်။

ရောဂါ ရောက်ကြောင်း အခြေခံမှာ ကံ၊ စိတ်၊ ဥတု၊ အာဟာရ လေးပါးကြောင့်ဟု ဆိုသည်။ ထိုလေးမျိုးတွင် အာဟာရကြောင့် ဖြစ်သော ရောဂါမှာ ယခုခေတ်တွင် အများဆုံး တွေ့ရသော အကြောင်းအရင်း ဖြစ်နေသည်။ မသင့်တော်သော လွဲမှားသော အစာအာဟာရ တို့ကိုနေ့စဉ် စားသုံးခြင်း ကြောင့် ရောဂါရခြင်း ဖြစ်ပေသည်။

မြန်မာ ဆေးပညာ၏ အခြေခံ ဖြစ်သည့် အပူစာနှင့် အအေးစာ ကိုခွဲခြား သိနိုင်လျှင် ကျန်းမာရေး အတွက် အထောက်အကူ ဖြစ်စေ နိုင်သည်။ အပူစာ ဆိုသည်မှာ လျှာပေါ် တင်လိုက်လျှင် ပူသော စပ်သော အရသာ ရှိသည့် ငရုတ်သီး၊ ချင်း၊ ငရုတ်ကောင်း စသည်မှ အရက်သေစာ များအထိ ပါဝင်သည်။ အစားများလျှင် အစာအိမ်နှင့် အသည်းကို ထိခိုက် လောင်ကျွမ်း စေနိုင်သည်။ သင့်တင့်ရုံမျှ စားလျှင် အစာကြေဆေး၊ ဝမ်းမီး တောက်ဆေး ဖြစ်သည်။

အအေးစာ ဆိုသည်မှာ လျှာပေါ်တင် လိုက်လျှင် အေးသော အရသာ ချိုသော အရသာ၊ ဆိမ့်သော အရသာ ရှိသော အစာများ ဖြစ်သည်။ သကြားပါသော မုန့်များသည် အအေးစာ ဖြစ်သည်။ သင်္ဘောသီးမှည့်၊ သရက်မှည့်၊ ပန်းသီး၊ သစ်တော်သီး၊ လိမ္မော်သီး၊ နွားနို့၊ မလိုင်၊ ထောပက် စသည်များမှာ အအေးစာ ဖြစ်သည်။ ''အချိုကိုမူ...အအေးယူ အပူငြိမ်း လေသည်'' ဟုဆိုသဖြင့် တော်ရုံ သင့်ရုံ စားသုံးလျှင် အပူငြိမ်း စေနိုင်သော်လည်း လွန်ကဲအောင် နေ့စဉ် အချို စားသုံးလျှင် အဝလွန်ပြီး အဆီတိုး လာမည်ကို သတိပြု သင့်သည်။

ရေပျော် သတ္တဝါဖြစ်သော ဘဲသားသည် အအေးစာ ဖြစ်သော်လည်း ကြက်သားမှာ အပူစာ ဖြစ်သည်။ နွားသား (အမဲသား) သည် အပူစာဖြစ် သော်လည်း ကျွဲသားမှာ ရေပျော် သတ္တဝါ ဖြစ်သဖြင့် အအေးစာ ဟု ယူဆသည်။ ကျစ်လစ် မာကြောသော အခွံရှိသည့် ဥသျှစ်သီး၊ ဆူးချွန် ပါသည့် ဒူးရင်းသီး တို့သည် အပူစာ ဖြစ်ပြီး ပွသော အခွံရှိသည့် လိမ္မော်သီး၊ ရှောက်သီး စသည်တို့မှာ အအေးစာများ ဖြစ်သည်။

ဝဖြိုးသော သူများသည် ပို၍ မဝအောင် အအေးစာ များကို ရှောင်ကြဉ် စားသောက် သင့်သည်။ အထူးသဖြင့် အချိုနှင့် မလိုင်၊ ထောပတ်၊ ဘဲသား စသည်တို့ကို ရှောင်ရမည် ဖြစ်ပြီး ပိန်သော သူများသည် အပူစာများ ဖြစ်သော အရက်သေစာ၊ ငရုတ်သီး၊ ချင်း၊ အစပ်ကဲသော အစာများကို ရှောင်သင့်သည်။ ဤသို့ ဆိုရခြင်းမှာ ဝဖြိုးသော သူများသည် အအေးရုပ် ဖြစ်သည်။ ပိန်သော သူများသည် အပူရုပ် အခြေခံ ဖြစ်သည်။ အအေးရုပ် ရှိသူသည် အအေးစာကို ရှောင်ခြင်း၊ အပူရုပ် ရှိသူများသည် အပူစာကို ရှောင်ခြင်းဖြင့် ကျန်းမာရေး ကောင်းစေ နိုင်ကြောင်း မြန်မာ့ ဆေးပညာ ရူထောင့်မှ တင်ပြ အပ်ပါသည်။

#Themyawadydaily

No comments:

Post a Comment