Pages

Saturday, May 10, 2014

တရားနှင့် ဖြေဖို့လိုသည်


တရားနှင့် ဖြေဖို့လိုသည်

ယွန်းနရီ(မန္တ္တေလေး)

တစ်လောက အသိမိတ်ဆွေ အမျိုးသမီး တစ်ဦး ဆုံးသွားသည်။

လေးဆယ် ဝန်းကျင် အရွယ်မို့ မသေသင့် သေးဘဲ သေရတာနှမြောလို့ ဘာဖြစ်တာလဲ လှမ်းမေးတော့ အဆိပ်သောက်ပြီး သေတာ ဖြစ်ကြောင်း သိရသည်။ အဆိပ် သောက်လျှင် သေမှာဆိုတာ သေချာလို့ တမင် သောက်ခြင်း ဖြစ်သည်။ အဆိပ်သောက်ပြီး သေရ လောက်အောင် ဘယ်လို စိတ်ဖိစီးမှုတွေ ရှိလို့လည်း ဆိုတာ သိချင်သည်။

''သမီးကို ယောက်ျားမယူ သေးဖို့ တားတဲ့ကြားက လိုက်ပြေး သွားတယ်။ မိဘစကား နားမထောင်ဘဲ ဒီလိုပြုမူ ရမလား ဆိုပြီး စိတ်သောက ဖြစ်နေတုန်း လင်ယောက်ျား ဖြစ်သူက အသုဘ တစ်ခုမှာ ငွေခြောက်သောင်း ဖဲရှုံးလာ သတဲ့၊ အဲ့ဒီသောက ပရိဒေဝကို မငြှိမ်းနိုင်လို့ အဆိပ်သောက် သေတာ ကြံမိကြံရာ ပါဗျာ''

မိတ်ဆွေ တစ်ယောက်က အဲ့သလို ဖုန်းသတင်း ပေးသည်။


မြတ်စွာ ဘုရားရှင်က ''မနုဿတ္တ ဘာဝေါ၊ ဒုလ္လဘော'' လူ့ဘဝ ဆိုတာ ရခဲကြောင်း ဟောထားသည်။ ရထားသော ဘဝကို ကောင်းမွန်စွာ မွေးမြူခြင်း မပြုဘဲ ကိုယ့်ကိုယ်ကို သတ်သေတာ တကယ့် အဖြစ်ဆိုးကြီး ဖြစ်သည်။ တရားသဘော၊ လောကဓံ သဘောကို နားလည်လျှင် လောက ၌ ရင်ဆိုင်ရမည့် အဖြစ်အပျက် မှန်သမျှ ကျော်လွှား နိုင်ရမည် ဖြစ်သည်။ တရားဆိုတာ ငြိမ်းအေးကြောင်း၊ ချမ်းသာကြောင်း၊ သဘာဝ ဓမ္မပင် ဖြစ်သည်။ ဒါတွေကို သတိထား ဆင်ခြင်ကြည့် မည်ဆိုလျှင် လောကဓံကို ရင်ဆိုင် နိုင်သည့် အစွမ်း သတ္တိတွေ ရှိလာမည် ဖြစ်သည်။

စိတ်သောက ဖြစ်လို့ မိမိဘဝ ဒီလို အလွယ်တကူ အဆုံးစီရင် စတမ်းဆိုလျှင် လောကရှိ ပုထုဇဉ် လူသား အားလုံး အနိစ္စ ရောက်ကုန်မှာ သေချာသည်။ ဒုက္ခတောထဲမှာ နေရတာ ဖြစ်လို့ လူတိုင်း ဒုက္ခအဝဝ ကို ခံစား ရသည် ချည်းသာ ဖြစ်သည်။ သင့်တင့်သော နှလုံးသွင်းမှု (ယောနိသော မနသိကာ) ဖြင့် ပြဿနာ အရင်းအမြစ် ကို ဖွေရှာလျှင် အေးချမ်းစွာ တွေ့ ရှိနိုင်မည် ဖြစ်သည်။ ရခဲလှသော လူ့ဘဝ၏ အသက် တစ်ချောင်း မဆုံးရှုံးသင့်ဘဲ ဆုံးရှုံး ရသည်မှာ ဘဝကို လွယ်လွယ်နှင့် သောကကြောင့် လက်မြှောက် ပေးရာ ကျသည်။

တချို့က အမြင့်မှ ခုန်ချသည်။
တချို့က ကြိုးဆွဲချသည်။
တချို့က သေကြောင်းကြံသည်။
ယခုအဆိပ်သောက်ပြီးသေသည်။

''ဖုဋ္ဌဿ လောက ဓမ္မေဟိ၊ စိတ္တံယဿန ကမ္ပတိ၊ အသောကံ ဝိရဇံ ခေမံ ဧတံမင်္ဂလ မုတ္တမံ'' လောကဓံ တရားနှင့် ရင်ဆိုင် ရသည့်အခါ စိုးရိမ် သောက မဖြစ်ဘဲ မတုန်မလှုပ် တောင့်ခံ ထားနိုင်လျှင် မင်္ဂလာ တစ်ပါးလို့ မြတ်စွာ ဘုရားရှင် ဟောတော်မူထားသည်။ စိတ်၏ သောက ပူပန်မှု ကြုံတွေ့ လာလျှင် တရားနှင့် ဖြေဖို့ လိုသည်။

#Themyawadydaily

No comments:

Post a Comment