Pages

Tuesday, April 8, 2014

ပိတောက်ပွင့်ဖူး လတန်ခူး


ပိတောက်ပွင့်ဖူး လတန်ခူး

ပိတောက်တွေ ရွှေရည်လူး သည့် တန်ခူးလသို့ ရောက်ခဲ့ပြန် လေပြီ ။ တန်ခူးလ သည် မြန်မာတို့၏ ဆယ့်နှစ်လ တွင် ပထမဆုံးလ ဖြစ်သည်။ အပူချိန် ပြင်းစ နွေဦးကာလ ဖြစ်သည်။ ရေတွင်း ရေကန်များ ခန်းခြောက် စပြုချိန် ဖြစ်သည်။ ရှေးလူကြီး များက ''တန်ခူးရေကုန်၊ ကဆုန်ရေခန်း'' ဟု ဆိုစမှတ်ပြု ကြသည်။

''တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုး'' ဟူသော ရှေးလင်္ကာ အတိုင်း သင်္ကြန်ကာလ အနီးတစ်ဝိုက် တွင် မိုးတစ်ကြိမ်၊ နှစ်ကြိမ် ရွာတတ်သည်။ သင်္ကြန် လက်ဆေးမိုး၊ သင်္ကြန်မိုး ဟု ခေါ်ကြသည်။ သင်္ကြန်မိုး ကြောင့် ထွက်သစ်စ ရွက်သစ် ရွက်နု ပုရစ်ဖူး လေးများ လန်းဝေစည်လာ ကြသည်။

လတန်ခူးဝယ် ပိတောက်တို့ ဖူးပွင့်ဝေဆာ သကဲ့သို့ ကံ့ကော်ပန်း၊ ရင်ခတ်ပန်း တို့လည်း ဖူးပွင့် ကြသည်။ သင်္ကြန်ကာလ တွင် အတာ သဘင်ပွဲ ကိုလည်း မြူးထူးေ ပျာ်ရွှင်စွာ ဆင်နွှဲ ကြသည်။ ''တန်ခူးလ''ဟု ရေးသား သုံးစွဲခြင်းကို ပုဂံခေတ် ကပင် စတင်သုံးစွဲ ခဲ့ကြသည်။ ''တန်''သည် ''ထန်း''ဟု အဓိပ္ပာယ် ရပြီး ''ခူး''မှာ ခူးဆွတ်ခြင်း ဖြစ်သည်။ ထို့ကြောင့် တန်ခူး ဟူသည်မှာ ထန်းခူး သောလ၊ ထန်းသီး ဆွတ်ခြွေသော လဟု မြန်မာလ အမည်များ ကျမ်းက ဆိုထားသည်။

တန်ခူးကို တာကူး ဟုလည်း ရေးသား ကြသည်။ မိန်ရာသီမှ မိဿရာသီ သို့ သင်္ကြန် အတာကူး သောကြောင့် တာကူးလဟု ဆိုကြောင်း အချို့ဆရာ တို့ကို ညွှန်ပြ ကြသည်။ အချို့ ပညာရှင်တို့က တာကူး၏ အဓိပ္ပာယ်ကို အာသီဗြဟ္မာမင်း ၏ ဦးခေါင်းကို နတ်သမီး ခုနစ်ဦးက တစ်နှစ် တစ်ယောက် ကျ တာဝန်ယူ ရသည်ကို အစွဲပြုကာ တာ၊ အတာ ဟူသော ဝေါဟာရ ဖြစ်ပေါ် လာကာ နှစ်ကုန်၍ နတ်သမီး တစ်ယောက်မှ နောက် တစ်ယောက်သို့ တာဝန် လွှဲပြောင်း ပေးသည်ကို တာကူး၊ အတာ ကူးကြောင်း ယူဆ ကြသည်။

ဆရာကြီး ဦးဖိုးလတ် က တန်ခူးလ၌ မည်သည့် ရာသီဥတု၊ ရတု တစ်ခုမျှ ကူးပြောင်းခြင်း မရှိဘဲ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်း သာ ရှိသောကြောင့် တာကူး၊ အတာကူး ဟူသည်မှာ ''နှစ်ကူး'' ဟုသာ အဓိပ္ပာယ် ရကြောင်း ညွှန်ပြ လေသည်။

တန်ခူးလတွင် ရာသီပန်း များမှာ ကံ့ကော်၊ ရင်ခတ် နှင့် ပိတောက်ပန်း တို့ ဖြစ်ကြသည်။ ပိတောက်ပန်းမှာ ပေါ်လွင် ထင်ရှားပြီး သင်္ကြန်ပန်း ဟုလည်း ခေါ်ကြသည်။ ခမ်းနား လွန်းသဖြင့် ''လမ်းတစ်လျှောက် သင်းပါဘိ၊ ဆန်းသလောက် မလင်းနိုင်ဘူး။ ပန်း ပိတောက်မင်း'' ဟူ၍ စာဆို တော် ဦးကြော့က ဖော်ညွှန်း ဂုဏ်ပြု ခဲ့သည်။

သို့ဖြစ်ရာ ပိတောက်တွေ ပွင့်ဖူးသည့် လတန်ခူးတွင် လူမျိုး အသီးသီး တို့သည် မိမိတို့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း နှင့်အညီ နှစ်သစ်ကူးပွဲကို ဆင်နွှဲကြလျက် နှစ်ဆန်းကို ဝမ်းမြောက် ပျော်ရွှင်စွာ ကြိုကြပါစို့ ဟု ဆန္ဒပြု ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment