Pages

Monday, March 10, 2014

မွန်မြတ်သည့် စိတ်ထားဖြင့် ကူညီ


မွန်မြတ်သည့် စိတ်ထားဖြင့် ကူညီ

မြန်မာနိုင်ငံ တစ်ဝန်းတွင် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆို ကြမည့် ကျောင်းသား၊ ကျောင်းသူ များအတွက် ယခု ရက်ပိုင်းသည် အရေးကြီးသော အချိန် ဖြစ်သည်။ တိုင်းဒေသကြီး နှင့် ပြည်နယ် များ အတွင်းရှိ မြို့နယ် အသီးသီးတွင် ပညာ ဆည်းပူးလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ အောင်ပန်း ဝင်နိုင်ရန် ကြိုးပမ်း အားထုတ် နေကြသည်မှာ အားရစရာ ကောင်းလှ သည်။

ပညာရေးဖြင့် ဘဝ၏ အမြင့်ဆုံး ပန်းတိုင်ကို တက်လှမ်း နိုင်ရန် အတွက် စက္ကန့်၊ မိနစ်၊ နာရီတိုင်း တွင် ကျောင်းသား လူငယ်များ၏ ဘဝအတွက် အသက်တမျှ အရေးကြီး လှ၍ သူ့ထက်ငါ အောင်နိုင်ရေး အပြိုင်ကြဲကာ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုရန် ပြင်ဆင် နေကြသည်။

ကျောင်းသား၊ ဆရာ၊ မိဘ သုံးဦးတို့၏ သုံးပွင့်ဆိုင် သင်ကြား စီမံ လေ့ကျင့် ကျက်မှတ်မှု တို့ဖြင့် မလျော့သော ဇွဲ၊ လုံ့လ၊ ဝီရိယ တို့ကို အားစိုက်ကာ သင်အံ ကျက်မှတ် နေကြခြင်းမှာ အမြင့်ဆုံး ဘဝ ပန်းတိုင်သို့ ရောက်ရှိ စေရန် အတွက် ဖြစ်သည်။ သူငယ်တန်းမှ တက္ကသိုလ် ဝင်တန်းအထိ ပညာသင် ယူလာကြသူ ကျောင်းသား လူငယ် များသည် မိမိတို့ ဖြစ်စေ ချင်သော အသိပညာရှင်၊ အတတ်ပညာ ရှင်များဘဝကို ထုဆစ် ပုံဖော် နိုင်ရန် အတွက် နောက်ဆုံး အရည်အချင်းစစ် စာမေးပွဲသည် တက္ကသိုလ် ဝင်တန်း စာမေးပွဲပင် ဖြစ်သည်။

ထို့ကြောင့် ယခု အချိန်ကာလ တွင် တက္ကသိုလ်ဝင် စာမေးပွဲကို ဝင်ရောက် ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တစ်ဖက်က ထူးချွန်စွာ အောင်မြင်အောင် ကြိုးစားနေ သကဲ့သို့ အခြား တစ်ဖက် ကလည်း မည်သို့သော စိတ် အနှောင့်အယှက် ဖြစ်စေ နိုင်သည့် ပတ်ဝန်းကျင် ဆူညံခြင်း၊ လျှပ်စစ်မီး ပျက်ခြင်း၊ ထိတ်လန့် ဖွယ်ရာ မီးလောင်ခြင်း၊ ရန်ဖြစ်ခြင်း အစရှိသည့် ကျောင်းသား လူငယ်တို့ ကြိုးစားမှု အာရုံကို ထိခိုက် စေနိုင်သည့် အကြောင်း ကိစ္စများ မဖြစ်ပေါ် စေရန် ဝိုင်းဝန်း ဆောင်ရွက် ပေးရန် လိုသည်။

ထို့ကြောင့် တက္ကသိုလ်ဝင် စာမေးပွဲ ရာသီချိန်တွင် အများပြည်သူ တို့သည် အနာဂတ် အတွက် သားကောင်း ရတနာများ ဖြစ်သော ကျောင်းသား၊ ကျောင်းသူ များအား အသိတရား ရှိရှိ၊ သတိ ထား၍ ဝိုင်းဝန်း ကူညီ စောင့်ရှောက် ပေးရန် လိုအပ် သကဲ့သို့ သက်ဆိုင်ရာ တာဝန်ရှိ သူများ ကလည်း ဥပဒေနှင့် အညီ စည်းကမ်း တကျ ကြပ်မတ် ဆောင်ရွက် ပေးရန် လိုသည်။

သို့ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ စိတ် အနှောင့်အယှက် ဖြစ်ပေါ် စေတတ်သော ပတ်ဝန်းကျင် အနှောင့်အယှက် ဖြစ်မှုတို့ကို သားသမီးချင်း ကိုယ်ချင်းစာ စိတ်၊ ချောမွေ့ လွယ်ကူစွာ စာမေးပွဲ ဖြေဆိုစေ လိုသည့် မွန်မြတ်သော စိတ်ထားများဖြင့် ပြည်သူ တစ်ရပ်လုံးက ဝိုင်းဝန်းကူညီ ပေးသွား ကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။


No comments:

Post a Comment