Pages

Monday, March 17, 2014

ဖြောင့်သောလမ်းတိုင်း ဖြူစေချင်


ဖြောင့်သောလမ်းတိုင်း ဖြူစေချင်

ဆူညံစွာ အော်ဟစ် မေးမြန်းသံ တွေကြား ဖြတ်ပြေးရင်း ညံစီစီ လူသံ တွေကြားကို တိုးထွက် ခဲ့သည်။ ဝမ်းစာရေး ပေမို့ သူများ ကိုလည်း အပြစ် မပြောသာ ဆူပူမှု၏ ဒဏ်ကို မခံနိုင်သော ကိုယ့်နား ကိုသာ အပြစ်ပြော ရမည်သာ။ ကားဝင်းထဲ စဝင် ကတည်းက '' ဘယ်သွား မလို့လဲ၊ ဘာကားလဲ၊ လက်မှတ် ဝယ်ပြီးပြီလား'' ဟု ဆူညံ အော်ဟစ်ကာ တစ်ယောက် တစ်ပေါက် မေးနေ ကြသော လူအုပ်ကြီး နှင့် အရင်ဆုံး ကြုံတွေ့ ရသည်။ ထို့နောက် မှာတော့ လူမျိုးစုံ ဘာသာစုံ ပုံသဏ္ဌာန်စုံ သောသူတို့ အသီးသီး စောင့်စား နေကြရာ ကားဂိတ် တစ်နေရာကို ခြေချ မိတော့သည်။

လက်မှတ် ဖြတ်ပြီး စောင့်နေစဉ် မှာပင် လူအမျိုးမျိုး ၏ ဘဝင် မကျလှသော အသံများကို စတင် နားစွင့် မိသည်။ ''ကားက အခုထိ တက်လို့ မရသေး ဘူးလား'' ဆိုသည် ကတစ်ဖုံ၊ ''အချိန်က နီးနေပြီ မခေါ်သေးဘူး'' ဆိုသည် ကတစ်မျိုး၊ အော်..ခရီးသွားချင်း အတူတူ အချိန် ကျလျှင် သွားရမှာချင်း အတူတူ ဘာကို ပူပန် နေပါလိမ့်ဟု တွေးမိသည်။ ကိုယ်ကိုယ်တိုင် ကလည်း၊ ကိုယ့်ဘာသာ ကိုယ် မနေတတ်ဘဲ ပတ်ဝန်းကျင် စကား နားထောင်တတ် သည်ကလည်း မခက်လှ ပါလားဟု ထင်မိသည်။ 

ကားစထွက် ပါပြီ ကားပေါ်မှာ ပါလာသော မော်တော်ယာဉ် မယ်လေး၏ ချိုသာသော အသံနှင့် နှုတ်ခွန်း ဆက်သံ ကြားတော့ ယခင် ခရီးသွား နေကျ ပုံစံ မဟုတ်သည့် ထူးခြားမှုကို ခံစားရသည်။ ကားကလည်း ကောင်းလှ သလို စီးရတာလည်း သက်သောင့် သက်သာ ရှိလှသည်။ ရန်ကုန် - မန္တလေး အမြန်လမ်း မှာလည်း ပြောစရာ မရှိအောင် ဖြောင့်ဖြူး နေသည်။ ဒါကိုပင် တချို့ ခရီးသွား များ၏ '' ကားကောင်း တွေလည်း နဲနဲတော့ ခုန်တာပဲ'' ဆိုသည့် အသံ သဲ့သဲ့ကို ကြားရ သေးသည်။ သူတို့လည်း ကျွန်မလို ခရီး မထွက်တာ ကြာပြီ ဖြစ်မည်။ ကားတွေ ကောင်းမှန်း လမ်းတွေ ကောင်းမှန်း ကို အများပြော အရသာ သိထားတာ ဖြစ်မည်။ ကျွန်မ ဆိုလျှင်လည်း ''ကားတွေ ကလဲ ကောင်းလိုက်တာ၊ လမ်းတွေ ကလဲ ဖြောင့်လို့ ဖြူးလို့'' ဟု ပြန်ပြော ဖြစ်မှာ အသေအချာ ပင်။ ခရီး တစ်ထောက် နားသည့် နေရာကလည်း အရင်လို အဆင်ပြေရာ ဆိုင်မျိုး မဟုတ် ခမ်းနား လိုက်သည့် ဆိုင်ခန်းတွေ မီးထိန်ထိန် လင်းလို့ပင်။ ခရီးသွားရန် ဓာတ်မီးဆောင် ခဲ့သည့် ကျွန်မပင် အပိုအလုပ် တစ်ခု လုပ်မိသလို ဖြစ်နေသည်။ အစား အသောက်၊ ကျန်းမာရေး ကအစ အားလုံး အဆင်ပြေသည်။ ကျွန်မတို့ အရင်က ခရီးသွားလျှင် ကျန်းမာရေး ဆိုသည်နှင့် နီးစပ်ရာ ချုံထဲတွင်သာ အကြောက် အလန့်မရှိ ဖြေရှင်း ကြရသည်။ ယခုတော့ ကိုယ့်အိမ် ကိုယ့်နေရာလို လုံခြုံမှု ရှိလှသည်။

ရန်ကုန်မှ ချောက်သို့ ခရီးအဆက် မှာတော့ မတူညီသော အထိအတွေ့ ကို စတင် ခံစား ရတော့သည်။ အဲယားကွန်း ကားပင် ဆိုသော် ငြားလည်း သိပ်မကောင်း။ လမ်းတွေ ကတော့ ဖြောင့်ပါသည် သို့ပေမယ့် ဖြူးနေအောင် မကောင်းပါ။ ယခင်တုန်းက ခရီးသွား ခဲ့သည့် အရသာမျိုး တစ်ဖန် ပြန်ခံစား ရမိသည်။ ဒီအထိ ဒီလောက် မဆိုးသေး ပေ။ ချောက်မှ နေပြီး ဆိပ်ဖြူသို့ ခရီးအဆက် မှာတော့ ဘဝမှာ အမှတ်တရ ဖြစ်စေမယ့် ခံစားမှု အသစ်ကို စတင် ခံစားရသည်။ ကျွန်မတို့ သွားလိုသော နေရာသို့ ကားမရှိ ပါ။ လမ်းတော့ ပေါက်သည်။ သုံးဘီး ဆိုင်ကယ် များသာ ရှိသည်။ ဘာပဲ ပြောပြော ခရီးရောက်ရန် အဓိကမို့ သွားရ ပေတော့မည်။ 

အထုပ်အပိုး တွေနှင့် လူနှစ်ယောက် သာပါသည်။ ဆိုင်ကယ် မောင်းသူ ကလဲ ဒီလမ်း တစ်ဖြောင့်တည်း သွားရင် ကျွန်မတို့ သွားလိုသော နေရာသို့ ရောက်မည် ဟုပြောသည်။ လမ်းကတော့ ဖြောင့်ပါသည်။ တချို့ နေရာတွင် ကျောက်ခဲ များ ခင်းထား သလားထင် ရအောင် ကျောက်တွေချည်း ဖြစ်နေသည်။ အချို့ နေရာတွင် ဖုန်တွေမှာ ဆိုင်ကယ်ဘီး တစ်ဝက်လောက် မြုပ်သည်။ အနိမ့်အမြင့် မညီသော လမ်းများတွင် စီးလာသော ဆိုင်ကယ်မှာ မှောက်များ သွားမလားဟု ထင်ရအောင် တစ်ဖက်စောင်း သွားပြန်သည်။ လူမှာ တစ်ချက် တစ်ချက် အပေါ်သို့ မြောက်မြောက် တက်သွားသည်။ တစ်ချက် တစ်ချက် ပြန်အကျတွင် အောက်မှ သစ်သားခုံ နှင့်လူမှာ ကိုင်ရိုက် သလို ဖြစ်နေသည်။ နောက်ပိတ် မပါသော သုံးဘီး ဆိုင်ကယ် နောက်တွင် ကျွန်မ လိုက်သွားရင်း အပေါ်မှတန်း ကို ကျစ်ကျစ် ပါအောင် ကိုင်ထား ရတော့သည်။ ကျောက်လမ်း များပေါ်တွင် ကိုင်ထားသော လက်များမှာ တုန်ခါ နေသည်။ ဆိုင်ကယ် မောင်းသော သူ၏ ကျွမ်းကျင်မှု ကတော့ ချီးကျူးရ မလောက်ပင်။ ''လမ်းက တစ်လမ်းလုံး ဒီအတိုင်း ပဲလား'' ဟု ကျွန်မ အမေးကို ဆိုင်ကယ် မောင်းသူက ''ဒီလိုပဲ အစ်မ ရောက်တော့မှာ ပါ၊ လမ်းက တစ်ဖြောင့်တည်း ဆိုတော့ သိပ်မဝေး ပါဘူး၊ လမ်းနဲနဲ ကြမ်းလို့ပါ'' ဟု အဖြေ ပေးသည်။ မှန်ပါသည် လမ်းက တစ်ဖြောင့် တည်းပါ။ 

ခရီးသည်လဲ မဝေးလှပါ။ သို့သော် လမ်းကလေး ကိုတော့ ဖြူးစေချင် မိသည်။

မဒါလေး

No comments:

Post a Comment