Pages

Monday, March 17, 2014

ဘ၀၏ အောင်မြင်မှု ပစ်မှတ်


ဘ၀၏ အောင်မြင်မှု ပစ်မှတ်

လူတိုင်း လူတိုင်းသည် မိမိတို့၏ ရည်မှန်းချက် အတွက် လုပ်ကိုင် နေကြ ရသည်။ အချို့ကား စီးပွားရေး၊ အချို့ကား ကျန်းမာရေး၊ အချို့ကား လူမှုရေး၊ အချို့ကား မိမိတို့ ဝါသနာ ပါရာ လုပ်ငန်းများ အောင်မြင်ရေး ရည်မှန်းချက် ထား လုပ်ကိုင် နေကြသည်။ လူတို့၏ ရည်မှန်းချက် များကို ဆောင်ရွက် ရာတွင် အချို့သာ အောင်မြင် ကြသည်။

ဤသို့ ဖြစ်ရသည်မှာ အလေ့အကျင့် နှင့် အာရုံ စူးစိုက်မှု ကွာခြားမှုကြောင့် ဖြစ်ရသည်။ လူသားများ အနေဖြင့် လိုရာ ရည်မှန်းချက် အောင်မြင် စေရန်မှာ အာရုံစူးစိုက်မှု အပြည့်ရှိရန် လိုသည်။ မိမိတို့ လုပ်ကိုင် နေသော အလုပ်အကိုင် များ၊ လိုအင် ဆန္ဒများ၊ ရည်မှန်းချက် များ အောင်မြင်ရန် အလေ့ အကျင့်ကောင်း ရှိရန်လည်း လိုအပ်သည်။

လုပ်ငန်းများတွင် အာရုံ စူးစိုက် လုပ်ကိုင်ခြင်း၊ လေ့ကျင့်မှု ပြုလုပ် ခြင်းတို့သည် လုပ်ငန်း အပေါ်တွင် စိတ်ဝင်စား သောကြောင့် ဖြစ်သည်။ အလုပ်တစ်ခု လုပ်ကိုင်ရာတွင် စိတ်ဝင်စား သောကြောင့် အာရုံစူးစိုက်၊ လေ့လာ လေ့ကျင့် လုပ်ကိုင်ခြင်း ဖြစ်သည်။ အလုပ်တစ်ခု လုပ်ကိုင် ရာတွင် စိတ်ဝင်တစား လုပ်ကိုင်ခြင်း နှင့် စိတ်ဝင်စားမှု မရှိဘဲ လုပ်ကိုင်ခြင်းတို့ မည်ရွေ့ မည်မျှ ကွာခြား သည်ကို လူတိုင်း သိကြသည်။

သို့သော် လူတို့သည် မိမိတို့ ပြုလုပ်လျက် ရှိသည့် လုပ်ငန်းများကို အများအားဖြင့် စိတ်ဝင်တစား အာရုံ စူးစိုက် လုပ်ကိုင်ခြင်း မရှိကြဘဲ၊ အမြဲတစေ တိုးတက်စေရန် လေ့ကျင့်မှု မပြုကြဘဲ ရှိနေပြီး အောင်မြင်မှု ကိုသာ လိုချင်လျက် ရှိနေ ကြသည်။ လုပ်ကိုင်သော အလုပ်အကိုင်များ၊ ရည်မှန်းချက် များတွင် စိတ်ဝင်စားမှု၊ အာရုံ စူးစိုက်မှု၊ လေ့ကျင့်မှုများ မရှိသောကြောင့် အများစုမှာ အောင်မြင်မှု နှင့် ဝေးနေပြီး အလွဲလွဲ အချော်ချော် ဖြစ်နေ ကြခြင်း ဖြစ်သည်။

ဘဝအတွက် ကြိုးစား နေသူတိုင်း သည် မြားပစ် သမားနှင့် အလားတူ၏။ မြားပစ် သမားသည် မိမိ ပစ်လိုက်သော မြားတစ်စင်း ပစ်မှတ် ဗဟိုချက် တည့်တည့်ကို ထိမှန်လိုသော ဆန္ဒဖြင့် ပစ်ကြသည်။ ထိုသို့ ဗဟိုချက်ကို ထိမှန်အောင် ပစ်ခတ် နိုင်ရေးသည် လွယ်ကူသည် မဟုတ်ပေ။ အလေ့ အကျင့် နှင့် အာရုံစူးစိုက်မှု မရှိလျှင် ဗဟိုချက် ထိမှန်အောင် ပစ်နိုင်မည် မဟုတ်ပေ။

သို့ဖြစ်၍ မြားပစ်သမား တို့သည် အလေ့အကျင့် မပျက်အောင် လေ့ကျင့် နေရ သကဲ့သို့ အာရုံ စူးစိုက်မှု အပြည့် ရှိရန်လည်း ကြိုးစား ကြရသည်။ ထိုနည်းတူ လူအများ အနေဖြင့် မိမိတို့ ရည်ရွယ် ရည်မှန်းချက် များ အောင်မြင် စေရန် အာရုံ စူးစိုက်ခြင်း၊ အရည်အသွေး တိုးတက်စေရန် လေ့ကျင့် လေ့လာမှုများ ပြုလုပ်ရန် လိုသည်။

သို့ဖြစ်ရာ လူများ အနေဖြင့် မိမိတို့ လုပ်ကိုင် နေသော ရည်မှန်းချက်၊ ရည်ရွယ်ချက် များ၊ လိုအင် ဆန္ဒများ အောင်မြင် ပြီးမြောက် စေရန်အတွက် ဖြစ်လိုသော ဆန္ဒတစ်ခု သာမက မြားပစ်သမား ကောင်း တစ်ဦးကဲ့သို့ အလေ့အကျင့် နှင့် အာရုံစူးစိုက်မှု အပြည့် ထား၍ ကြိုးစားမှသာ ဘဝ၏ အောင်မြင်မှု ပစ်မှတ်ကို ရယူ နိုင်ကြောင်း စေတနာ ကောင်းဖြင့် တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment