Pages

Monday, March 17, 2014

ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု မေတ္တာတရား ဗဟိုပြု


ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု မေတ္တာတရား ဗဟိုပြု

လူ့ဘောင် လောက၌ ချမ်းသာသုခ ဖြစ်စေသော အကြောင်းတရား များမှာ စီးပွားဥစ္စာ ရခြင်း၊ အနာရောဂါ ကင်းခြင်း၊ ချစ်ခင်သူ များပြားခြင်း၊ ချစ်ဖွယ်သော စကား ပြောကြား တတ်ခြင်း၊ မိဘစကား နားထောင်သည့် သား သမီး၊ အကျိုး စီးပွားကို ပြုတတ်သည့် အတတ်ပညာ ဟူ၍ ခြောက်ပါး ရှိကြောင်း ပညာရှိများ သွန်သင်ခဲ့ ကြရာ ယနေ့ ခေတ်စကားနှင့် ဆိုရသော် လူသား အရင်းအမြစ် ဖွံ့ဖြိုးရေး အတွက် အရေးပါသော အချက်များ ပင်ဖြစ်သည်။

လောက ချမ်းသာသုခ ဖြစ်စေသော အကြောင်းတရား ခြောက်ပါးမှ အနာရောဂါ ကင်းခြင်း၊ ချစ်ခင်သူ များပြားခြင်း၊ ချစ်ဖွယ်သော စကား ပြောကြား တတ်ခြင်းနှင့် အကျိုး စီးပွားကို ပြုတတ်သည့် အတတ်ပညာ တို့နှင့် စပ်လျဉ်း၍ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း က ကော့သောင်းမြို့ သို့ ရောက်ရှိစဉ် မတ် ၁ဝ ရက်၌ ခုတင် (၁ဝဝ) ခရိုင်ပြည်သူ့ ဆေးရုံကြီးမှ ဆရာဝန်၊ ဆရာမများ နှင့် ဝန်ထမ်း များအား တွေ့ဆုံ အမှာစကား ပြောကြား ခဲ့သည်။ ဒုတိယ သမ္မတ က ''ပြည်သူ့ ဝန်ထမ်း များသည် အရည်အချင်း၊ အရည် အသွေး မြင့်မားရန် လိုအပ်ပြီး ပြည်သူများ နှင့် ဆက်ဆံ ရာတွင် စေတနာ မေတ္တာ ပြည့်ဝစွာ စိတ်ရှည် သည်းခံ ဆက်ဆံ ပြောဆိုရန် လိုအပ် ပါကြောင်း၊ မိမိတို့ ပြည်သူများ ကျန်းမာရေး စောင့်ရှောက်မှု ပြည့်ဝစွာ ရရှိရန် ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍ တိုင်းတွင် တက်ညီ လက်ညီ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း'' မှာကြား ခဲ့သည်။

နိုင်ငံ တစ်နိုင်ငံ အတွက်  သဘာဝ သယံဇာတ ကြွယ်ဝခြင်း သည် အထောက်အပံ့ တစ်ခု ဖြစ်သော်လည်း ထုတ်ယူ သုံးစွဲသည့် ကာလ ကြာရှည် လာသည်နှင့် အမျှ ကုန်ခန်း သွားမည် ဖြစ်သည်။ လူသား အရင်းအမြစ် ဖွံ့ဖြိုးရေး သည် သားစဉ် မြေးဆက် လက်ဆင့်ကမ်း သွားကြ ရသည်ဖြစ်ရာ ကုန်ခန်း သွားသည် မရှိခြင်းကြောင့် ယနေ့ ကမ္ဘာ့ နိုင်ငံများမှာ လူသား အရင်းအမြစ် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေကြသည်။ လူသား အရင်းအမြစ် ဖွံ့ဖြိုးသော နိုင်ငံများက တိုးတက်မှု မြန်ဆန်ပြီး လူသား အရင်းအမြစ် မဖွံ့ဖြိုးသော နိုင်ငံများက တိုးတက်မှု နှေးကွေးကြောင်း တွေ့ရသည်။

လူသား အရင်းအမြစ် ဖွံ့ဖြိုးရေး အတွက် ကျန်းမာရေး စောင့်ရှောက်မှု ပြည့်ဝစွာ ရရှိရေး သည်လည်း ကြီးမားသော အထောက်အပံ့ အဖြစ် လိုအပ်လျက် ရှိသည်။ လူတစ်ဦးသည် ကျန်းမာမှ အလုပ်လုပ် နိုင်မည် ဖြစ်ပြီး အလုပ်လုပ် နိုင်မှ ဘဝ ရပ်တည် နိုင်မည် ဖြစ်သည်။ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု ပေးမည့် ကျန်းမာရေး ဝန်ထမ်းများ အနေဖြင့် ပြုစု ကုသမှု ဆိုင်ရာ အရည်အချင်း နှင့် အရည်အသွေး မြင့်မားရေး ကြိုးပမ်း နေကြရမည်ဖြစ်သည်။ 

သို့ဖြစ်၍ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက် ရာတွင် ဝါသနာ၊ စေတနာ၊ အနစ်နာ၊ အကြင်နာ နှင့် စာနာစိတ် ဟူသော နာငါးနာ၏ အရင်းခံ ဖြစ်သော မေတ္တာတရား ပြည့်ဝစွာ ထားရှိ ကြရမည် ဖြစ်ပေသည်။ ။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment