Pages

Wednesday, March 19, 2014

ရေအရင်းအမြစ်များ အသိစိတ်ဖြင့် ထိန်းသိမ်း


ရေအရင်းအမြစ်များ အသိစိတ်ဖြင့် ထိန်းသိမ်း

ဧရာဝတီတိုင်း ဒေသကြီး ကျောင်းကုန်း၊ ကျုံပျော်၊ ဟင်္သာတ၊ သာပေါင်း နှင့် ရေကြည် မြို့နယ် တို့ရှိ ကျောင်းပေါင်း ၉၁ ကျောင်း၏ ပတ်ဝန်းကျင် ရှိရေတွင် အာဆင်းနစ် ပါဝင်မှု မြင့်မား နေသည်ကို ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF ) ၏ ကျန်းမာရေး နှင့် ညီညွတ်သော သောက်သုံးရေ ရှိရေးနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး အစီအစဉ်၏ သုတေသနပြု လေ့လာ စမ်းသပ်မှုများ အရ သိရကြောင်း၊ ကျောင်းအနီး ဝန်းကျင်တွင်  ခဲရည်ကြိုခြင်း၊ သတ္တု အရည်ကြိုခြင်း လုပ်ငန်းများ လုပ်ကိုင် ခြင်းကြောင့် မြေအောက် ရေများတွင် အာဆင်းနစ် ပါဝင်မှုနှုန်း မြင့်မား နေခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အတူ မန္တလေး စက်မှုဇုန်များ နှင့် ပတ်ဝန်းကျင် စက်ရုံများမှ ရေဆိုးများ စည်းကမ်းမဲ့ စွန့်ပစ် မှုကြောင့် တောင်သမန်အင်း နှင့် ပတ်ဝန်းကျင် ညစ်ညမ်းခြင်း၊ ဂေဟစနစ်များ ထိခိုက်ပျက်စီး စေခြင်း၊ အနံ့ဆိုးများ နှင့် ပတ်ဝန်းကျင် လေထု၊ မြေထု၊ ရေထု ညစ်ညမ်းမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး အင်းတော် မြို့နယ် အတွင်းသို့ စီးဆင်း လျက်ရှိသော မဲဇာချောင်းရေ နှင့် လေးတန် ချောင်းရေ များသည် ချောင်းဖျားများ၌ တရားမဝင် ရွှေတူးဖော်မှု ကြောင့် ရေများ ညစ်ညမ်း လျက် ရှိကြောင်း၊ မကွေးတိုင်းေ ဒသကြီး အောင်လံမြို့ရှိ စက်ရုံအချို့မှ စွန့်ပစ်ရေများ ကြောင့် ဧရာဝတီမြစ် ရေကို သောက်သုံးရေ၊ ချိုးရေအဖြစ် အသုံးပြု၍ မရတော့ကြောင်း စသည်ဖြင့် ၂ဝ၁၃ ခုနှစ် အတွင်းက သတင်းစာ ဂျာနယ်များ ၌ ဖော်ပြချက်များ အရ လေ့လာ သိရှိရသည်။ 

ကမ္ဘာ့ ရာသီဥတု ပြောင်းလဲ ဖောက်ပြန်မှု ကြောင့် လွန်ခဲ့သည့် ၂ဝ၁၃ ခုနှစ်က မိုးနည်း၍ မြစ်ချောင်း၊ အင်းအိုင်များ ရေနည်းခြင်း၊ သောက်သုံး ရေကန်များ ခန်းခြောက် ခြင်းများ ကြုံတွေ့ ရသကဲ့သို့ လူတို့၏ ပယောဂကြောင့် ညစ်ညမ်း ရေများ ဖြစ်ပွား ခဲ့သည် ကိုလည်း ကြုံတွေ့ ခဲ့ရသည်။ ထို့ကြောင့် ယခင်နှစ်မှ အတွေ့အကြုံ ကို သင်ခန်းစာ ယူ၍ ရေသန့်စင်ရေး၊ ညစ်ညမ်းရေ မဖြစ်စေရေး၊ ရေလုံလောက် စွာရရှိရေး တို့ကို ဆောင်ရွက် ခဲ့ရာ ယခုနှစ်တွင် ယမန်နှစ် ကကဲ့သို့ အတွေ့ အကြုံများ ကြုံတွေ့ရန် နည်းပါး သွားမည် ဖြစ်သည်။ မြန်မာ တို့သည် ရေအသက် တစ်မနက် ဟု ရေကို တန်ဖိုးထား သတ်မှတ် သကဲ့သို့ ရေလှူ ခြင်းဖြင့် ဆု ၁ဝ မျိုး မတောင်းဘဲ နှင့် ရနိုင်သည် ဟု မြတ်နိုး တန်ဖိုးထား ယုံကြည် ကြသည်။ ရေတွင်းပေါင်း ရှစ်သောင်း လေးထောင်၊ ရေကန်ပေါင်း ရှစ်သောင်း လေးထောင် လှူဒါန်းခဲ့သည့် အသောက ဘုရင်မင်းမြတ်၊ မိတ္ထီလာကန် ကို ပြုပြင်ခဲ့သော လယ်တွင်း ကိုးခရိုင်ကို စိမ်းလန်း စိုပြည် စေခဲ့သည့် အနော်ရထာ မင်းမြတ် တို့သည် မြန်မာတို့၏ နမူနာ ပြုပုဂ္ဂိုလ်များ ဖြစ်ခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံ အတွင်း ရေရှားပါး ပြတ်လပ်သည့် နေရာများသို့ ရေတွင်း၊ ရေကန်၊ အဝီစိတွင်း၊ ရေလှောင်ကန်၊ ရေစုပ်စက်၊ ရေစက်၊ ရေကား စသည်က အစ ရေတင် ရာတွင် အသုံးပြု သည့် လောင်စာ ဓာတ်ဆီ၊ ဒီဇယ်ဆီ ပါမကျန်အောင် စေတနာရှင် ကုသိုလ်ရှင်များ အသင်းများက အားတက် သရော လှူဒါန်း ခဲ့ကြ သကဲ့သို့ နိုင်ငံတော်မှ လည်း ကူညီပံ့ပိုး ဆောင်ရွက် ခဲ့သောကြောင့် ရေအခက်အခဲ ကို အခက်အခဲ မရှိ ကျော်လွှား နိုင်ခဲ့သည်။ ထို့အတူ ရေ အရင်းအမြစ် ထိန်းသိမ်းရေး ကိုလည်း ပူးပေါင်း ဆောင်ရွက် ခဲ့သည်။

သို့ဖြစ်ရာ ဘိုးဘွား အစဉ် အဆက်က သုံးစွဲခဲ့ သည့် မြစ်ရေ၊ ချောင်းရေ၊ ကန်ရေ၊ တွင်းရေ စသည့် ရေချို ရေကောင်း များသည် စည်းကမ်းမဲ့မှု များကြောင့် သုံးစွဲ မရသည့် ညစ်ညမ်းရေ ဖြစ်မသွား စေရေး၊ ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေး နည်းဥပဒေ များဖြင့် ရေ စနစ်တကျ သုံးစွဲရေး၊ ရေ အရင်းအမြစ် များ မဆုံးရှုံး စေရေးတို့ကို အသိစိတ် အပြည့်ဖြင့် ပြည်သူ များက ဝိုင်းဝန်း ထိန်းသိမ်း သွားကြ ရမည် ဖြစ်ကြောင်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment