Pages

Wednesday, March 19, 2014

ယနေ့လူငယ် နောင်ဝယ်လူကြီး


ယနေ့လူငယ် နောင်ဝယ်လူကြီး

''ယနေ့လူငယ် နောင်ဝယ်လူကြီး'' ဟူသော မြန်မာ ဆိုရိုးစကား ရှိပါသည်။ လူငယ်လူရွယ် မျိုးဆက်သစ် များသည် အနာဂတ် နိုင်ငံတော် အတွက် အားကိုး အားထား ရမည့် သူများပင် ဖြစ်သည်။ လူငယ်ဟူသည် တိုင်းပြည်၏ အနာဂတ်၊ တိုင်းပြည်၏ အရင်းအမြစ် များပင် ဖြစ်သည်။

အနာဂတ် ကာလသည် လူငယ်တို့၏ ခေတ်ဖြစ်၍ လူငယ်တို့၏ ခေတ်သို့ ရောက်ရှိ လာတော့မည် ဖြစ်ပါသည်။ အိုင်တီ နည်းပညာများ တိုးတက်လာ သည်နှင့် အမျှ လူငယ် မျိုးဆက်သစ် တို့၏ ဦးဆောင်မှု အခန်းကဏ္ဍ မှာလည်း တဖြည်းဖြည်း ကျယ်ဝန်း လာနေပြီ ဖြစ်သည်။ လူငယ်တို့၏ ခေတ်သို့ ကူးပြောင်း လာခြင်းနှင့် အမျှ လူငယ်လူရွယ် တိုင်းကလည်း ခေတ် ရေစီးကြောင်း အတိုင်း လိုက်ပါနိုင်ရန် လိုအပ်ပါသည်။ ခေတ်နှင့် အညီ လိုက်ပါ သွားနိုင်ရန် အိုင်တီ အတတ်၊ ဘာသာဗေဒ အတတ်၊ စက်မှု နည်းပညာ အတတ်၊ လူမှု ဆက်ဆံရေး အတတ် စသည်ဖြင့် အတတ် ပညာစုံ တတ်ကျွမ်း ထားပါမှ ခေတ်နှင့် အမီ လိုက်နိုင်မည် ဖြစ်ပါသည်။

လောကတွင် ''စာပေမြင့်မှ လူမျိုးတင့်မည်'' ဟူသော စကားရှိ ပါသည်။ တိုင်းပြည် တစ်ပြည်တွင် စာရေးသူ၊ စာဖတ်သူ များပြား လာခြင်းဖြင့် စာပေမြင့် လာမည် ဖြစ်သည်။ စာဖတ်ခြင်း အလေ့အထ မှသည် စာတတ် ပေတတ်၊ ပညာတတ် အကျော်အမော် များ နိုင်ငံနှင့် အဝန်း ပေါ်ထွန်း လာခြင်းဖြင့် လူမျိုးတင့်မည် ဖြစ်ပါသည်။ အဓိက အရေးကြီး သည်မှာ စာဖတ် အားဖြစ်သည်။ တစ်တိုင်း တစ်ပြည်လုံး စာဖတ်အား ကောင်းဖို့ လိုပါသည်။ စာဖတ်အား ကောင်းလာ ခြင်းဖြင့် စာပေအသိ ဗဟုသုတများ တိုးပွားကာ တိုးတက် လာမည် ဖြစ်ပါသည်။ လုပ်ကိုင် နိုင်စွမ်း တိုးတက် လာမည် ဖြစ်ပါသည်။ အထူးသဖြင့် လူငယ်များ အကြား စာဖတ်အား ကောင်းဖို့ လိုပါသည်။ အနာဂတ် ခေါင်းဆောင်များ ဖြစ်လာမည့် လူငယ်ထု အတွင်း စာပေ အသိဉာဏ် ရှင်သန် နေပါမှ တိုင်းပြည်ကို အကောင်းဆုံး ဦးဆောင် ဦးရွက် ပြုနိုင်ကြမည် ဖြစ်သည်။ လူငယ်ထု အကြား စာပေ ရှင်သန် ကြီးထွားမှု အမှန်ပင် လိုအပ်နေ ပါသည်။ 

လူငယ်ဟူသည် တက်ကြွ နေရမည်။ ဖျတ်လတ် နေရမည်။ လန်းဆန်း နေရမည် ဖြစ်ပါသည်။ မည်သည့် ကိစ္စမဆို တက်တက်ကြွကြွ ဖျတ်ဖျတ် လတ်လတ် လုပ်ကိုင် နိုင်စွမ်းရှိဖို့ လိုပါသည်။ စူးစမ်းခြင်း၊ လေ့လာခြင်း၊ တီထွင် ကြံဆခြင်း၊ ကြိုးစား အားထုတ်ခြင်း တို့ဖြင့် တိုးတက်မှုကို မပြတ်ရှာဖွေ နေတတ်ဖို့ လိုပါသည်။ တွေဝေ ငေးငိုင် နေခြင်း၊ အကျိုးမဲ့ အချိန်ဖြုန်း ခြင်းတို့ဖြင့် တိုးတက် လာလိမ့်မည် မဟုတ်ချေ။ အမြဲတမ်း လေ့လာသင် ယူလိုသော ဆန္ဒသည် ပြင်းပြ နေရပါမည်။ လေ့လာ ချင်သည်။ သင်ယူ ချင်သည်။ တတ်မြောက ချင်သည် ဆိုသော လိုချင်စိတ် များရှိဖို့ လိုပါသည်။ မည်သည့် အရာမဆို လိုအင်ဆန္ဒ ပြင်းပြခြင်း မရှိလျှင် ဖြစ်မလာ နိုင်ပါ။ လိုချင်စိတ်၊ တတ်ချင်စိတ် ပြင်းပြပြီး မဆုတ်မနစ် အားထုတ် နေမှသာ တတ်မြောက် ခြင်းသို့ ရောက်ရှိ နိုင်ပါသည်။

တစ်ဖန် စိတ်ကောင်း စေတနာရှိဖို့ သည်လည်း လူငယ် လူရွယ်တိုင်း မွေးမြူအပ်သော အရာပင် ဖြစ်သည်။ မည်သည့် အရာတွင် မဆို စိတ်ကောင်း၊ နှလုံးကောင်းဖြင့် ကူညီ ဆောင်ရွက် ပေးလိုသော စိတ်မျိုး ရှိဖို့လို ပါသည်။ ကူညီ ရိုင်းပင်း လိုသော စိတ်ဓာတ်၊ လူသားချင်း ကိုယ်ချင်းစာ တတ်သော စိတ်ဓာတ်မျိုး မွေးမြူဖို့ လိုပါသည်။ ဤကဲ့သို့ လက်ရုံးရည်၊ နှလုံးရည် အားကောင်းသော လူငယ် လူရွယ်များ တိုးပွားလာရန် အရေးကြီး ပါသည်။ ဗလငါးတန် နှင့် ပြည့်စုံသော လူငယ် လူရွယ်များ၊ တိုးတက် များပြား လာခြင်းဖြင့် အနာဂတ် နိုင်ငံတော် ထူထောင်ရေး တွင် များစွာ အထောက် အကူပြုမည် ဖြစ်ပါသည်။

လူငယ်ဟူသည် အမြဲ တိုးတက် နေရပါမည်။ နေ့စဉ်နှင့် အမျှ တိုးတက်မှုကို ရှာဖွေ အားထုတ် နေသူများ ဖြစ်သင့် ပါသည်။ နေ့စဉ်နှင့် အမျှ အပေါင်း လက္ခဏာ ဖြစ်နေဖို့ လိုပါသည်။ သို့မှသာ အစဉ် တိုးတက်နေသူ လူငယ်များ အဖြစ်သို့ ရောက်ရှိ လာမည် ဖြစ်ပါသည်။

ခေတ်စနစ် တစ်ခု၏ အခြေအနေ နှင့် အချိန်အခါက လူငယ်လူရွယ် တို့၏ စာဖတ်မှု ပုံစံ ပြောင်းလဲ စေခဲ့သည်ကို တွေ့ရသည်။ စာအုပ် စာစောင် များကို ကိုင်တွယ် ဖတ်ရှု ခြင်းထက် နည်းပညာ တိုးတက် လာသည့်  အလျောက် Mobile Device များဖြင့် စာဖတ် လာကြပြီ ဖြစ်သည်။ ဤသည်ပင် အွန်လိုင်း စာကြည့်တိုက် စနစ် ထွန်းကား လာခြင်း ဖြစ်၏။ ယခုအခါ မြန်မာနိုင်ငံ အနှံ့မှ ပြည်သူများ အတွက် စာအုပ်စာပေ များ အလွယ်တကူ ဖတ်ရှု လေ့လာနိုင်ရန် ပြန်ကြားရေး ဝန်ကြီးဌာန အနေ ဖြင့် Public Digital Library Service စနစ်ကို တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ များနှင့် ခရိုင်နှင့် မြို့နယ်များရှိ ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာနရုံး၊ စာကြည့်တိုက် များတွင် တပ်ဆင်ပေးရန် စီစဉ် ဆောင်ရွက်လျက် ရှိသည်။

ဤစနစ် ထူထောင် ပေးလိုက် ခြင်းသည် လူငယ်လူရွယ် တို့၏ စာဖတ်ရှိန် မြင့်မား လာရေးအတွက် တစ်ဖက် တစ်လမ်းမှ အထောက် အကူပြုပေး လိုက်ခြင်းပင် ဖြစ်သည်။ အွန်လိုင်းစနစ် နှင့် နီးစပ်နေသော လူငယ်များ ခေတ်နှင့်အညီ အွန်လိုင်းမှ တစ်ဆင့် စာဖတ်ခြင်းကို ပို၍ နှစ်ခြိုက် လာခြင်း ကြောင့်ပင် ဖြစ်ပါသည်။ အွန်လိုင်းမှ တစ်ဆင့် လူငယ်တို့၏ စာဖတ်အား ကို တွန်းပို့ လိုက်ခြင်းပင် ဖြစ်ပါသည်။

သတင်း အချက်အလက် များအပြင် တန်ဖိုး ကြီးမားသော စာအုပ်များ ကို အွန်လိုင်းမှ တစ်ဆင့် ဖတ်ရှုခွင့် ရနိုင်တော့ မည်ဖြစ်သည်။ မိမိတို့နှင့် နီးစပ်ရာ Wifi လွှင့်တင် ထားသော စာကြည့်တိုက် များသို့ သွားရောက် ကာ စာကောင်း ပေမွန်များ ဖတ်ရှု နိုင်ခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွား လာမည် ဖြစ်ပါသည်။ ထိုကဲ့သို့ သုတ၊ ရသ စာအုပ်များ အပြင်ရှားပါး စာအုပ်များ၊ သိပ္ပံနှင့် နည်းပညာ စာအုပ်များ၊ လုပ်ငန်းခွင် အသုံးချ စာအုပ်များ နှင့် ဘာသာဗေဒ ဆိုင်ရာ စာအုပ်များ ကိုလည်း လွှင့်တင်ပေး နိုင်လျှင် ပို၍ အကျိုး ထိရောက်မှု ရှိမည် ဖြစ်ပါသည်။

သို့ပါ၍ လူငယ် လူရွယ်တို့ အနေဖြင့် တိုးတက် ပြောင်းလဲ လာသော ခေတ်နှင့်အညီ အွန်လိုင်း စာကြည့်တိုက် စနစ်များကို အသုံးချကာ မိမိဘဝ တိုးတက် ပြောင်းလဲလာရေး၊ အသိပညာ ရင့်သန် တိုးပွားရေး အတွက် စာဖတ်ခြင်း အလုပ်ကို မြှင့်တင် သွားကြရမည် ဖြစ်ပါကြောင်း ရေးသား တင်ပြရ ပါသည်။ 

ဦးကျော်စိန် (မန္တလေး)

No comments:

Post a Comment