Pages

Wednesday, December 18, 2013

မိမိ သူတစ်ပါးအကျိုးများ ကြစေဖို့


မိမိ သူတစ်ပါးအကျိုးများ ကြစေဖို့

အယ်ဒီတာ့အာဘော်

မြန်မာမှု နယ်ပယ်၌ တစ်ခါသေဖူး ပျဉ်ဖိုးနားလည် ဆိုသော ရှေးလူကြီး သူမတို့ ထားခဲ့သော စကားသည် ကြောက်ရွံ့၍ သော်လည်းကောင်း ၊ သတိရ နေ၍ သော်လည်းကောင်း ကိုယ်တိုင် တွေ့ဖူး ကြုံဖူး ရာမှ နောက်တစ်ကြိမ် မပြုတော့ ဟူသော အသိတရား သည် လောက လူမှုရေးရာ အဖြာဖြာ၌ အောင်မြင်ရာ အောင်မြင်ကြောင်း လမ်းညွှန် သွန်သင်မှုပင် ဖြစ်သည်။

လောက၌ မအောင်မြင်ခြင်း ၊ ဆုံးရှုံးခြင်း ၊ ပျက်စီးခြင်း တို့၏ အကြောင်းရင်း ကိုရှာသော် လူအများစု မှာ တစ်ခါ သေဖူး ပျဉ်ဖိုး နားမလည် ကြသောကြောင့် သာ အကျိုး မရှိသော ပြုမူ ပြောဆိုမှု တို့ကို ထပ်တလဲလဲ ပြောဆို ပြုမူ နေကြခြင်း ဖြစ်သည်။ လူတို့သည် လုပ်ငန်း ဆောင်တာများ လုပ်ကိုင် ဆောင်ရွက် ကြရာ၌ ချိန်ဆခြင်း ၊ ကြံစည် တွေးတောခြင်း ၊ မြော်မြင်ခြင်း စသည့် စိတ်ကူး တို့ဖြင့် ဆောင်ရွက် ကြရသည်။ ဤသို့ ချိန်ဆ ၊ တွေးတော ၊ မြော်မြင်ခြင်း တို့သည် အတွေ့အကြုံ မရှိပါက ကြံဆခြင်း ၊ စိတ်ကူးမျှသာ ဖြစ်၍ ကိစ္စရပ် တစ်ခုကို အောင်မြင် ပြီးမြောက်အောင် ဆောင်ရွက် နိုင်မည် မဟုတ်ပေ။ 

အတွေ့အကြုံ မရှိသေး၍ နားမလည်သေး သူတို့မှာ တစ်ပင်လုံး ဝင်းဝါ ရင့်မှည့်သော အသီးများဖြင့် ပြည့်စုံသည့် သရက်ပင် အောက်သို့ ရောက်သွားသော ကလေးသူငယ် နှင့်သာ တူသည်။ ထိုကလေး သူငယ်သည် ဝင်းဝါ ရင့်မှည့်သော သရက်သီးကို စားလိုသည့် ဆန္ဒကြောင့် သရက်ပင်သို့ တက်ရန် ကြိုးစား သော်လည်း သရက်ပင် အောက်တွင် ရှိသော ဆူးချုံကို မသိ ၊ ပုရွက်ဆိတ် ၊ ခါချဉ် စသည့် သတ္တဝါတို့ ရှိတတ် သည်ကိုလည်း မတွေးတတ်ဘဲ အပင်ထက် သို့ တက်ရန် ကြိုးစား၏။ အပင်ထက်သို့ ရောက်ပြန်သော် ပုရွက်ဆိတ် နှင့် ခါချဉ်တို့ ကိုက်သည့် ဒဏ်ကို ခံစား ရ၏။ အကိုင်းဖျား၌ သီးလျက် ရှိသော သရက်သီးကို လက်လှမ်း မမီဖြစ် ရ၏။ သရက်သီးကို မီအောင် သွားပြန်ကလည်း အကိုင်း ကျိုးကျသဖြင့် အသက် အန္တရာယ် အတွက်ပင် စိုးရိမ် ရပြန်သည်။ သို့သော် တွေ့ဖူး ကြုံဖူး သူတို့အတွက် မှာမူ ဤမျှ မပင်ပန်း ၊ အန္တရာယ် မရှိဘဲ အလွယ်နှင့် အသီးကို ဆွတ်ခူး စားသောက် နိုင်ကြသည်။ 

ထို့ကြောင့် လောက လူသားတို့ အဖို့ မိမိ ကိုယ်တိုင် တွေ့ဖူး ကြုံဖူးသော ဗဟုသုတ ဆည်းပူး ကြခြင်းသည် ဘဝ အောင်မြင်ရေး အတွက် မည်မျှ အရေးပါသော လိုအပ်ချက် ဖြစ်ကြောင်း သိမြင် နိုင်ကြရန် လိုအပ်သည်။ 
ကြံစည် တွေးတော မြော်မြင်မှု မရှိခြင်းကြောင့် ကျီးတစ်ကောင် အတွက် ကျီးအများ ပျက်ရသည့် သာဓကမှာ ခုဒ္ဒကနိကာယ် မှ ကာကဇာတ် တွင် တွေ့နိုင်သည်။ ရှေးသရော အခါ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း ၏ ပုရောဟိတ် သည် ကောင်းစွာ ဝတ်စား ဆင်ယင်လျက် မြို့တွင်းသို့ ဝင်လာသော် မြို့တံခါး တိုင်ဖျားတွင် နားနေသော ကျီးတစ်ကောင် က ပုရောဟိတ် ၏ ခေါင်းပေါ်သို့ မစင်စွန့်ချ လိုက်သည်ကို ပုရောဟိတ် က ကျီးများအား ရန်ငြိုး ထားသည်။ တစ်နေ့သော အခါ ဗြဟ္မဒတ်မင်း ၏ ဆင်များ မီးလောင် ဒဏ်ရာရသော် ထိုဆင်တို့ကို ဆေးကုသရန် ပုရောဟိတ် အား တိုင်ပင်သည်။ ပုရောဟိတ် သည် ကျီး၌ အဆီ မရှိမှန်း သိလျက် ကျီးတို့ အဆီဖြင့် ကုသမှသာ ပျောက်ကင်း နိုင်မည်ဟု မင်းကြီးအား လျှောက်တင် ခြင်းကြောင့် ကျီးငှက်များစွာ ကို ဆက်၍ အဆီရှာ ကြရာ ကျီးများစွာ သေဆုံး ကြရသည်။ 

သို့ဖြစ်၍ လူတို့သည် မိမိဘဝ ရပ်တည်မှု အတွက် ကောင်းသော အသက်မွေးမှု ပြုနိုင်ကြရန် နှင့် သူတစ်ပါး တို့ကိုလည်း အကျိုးမယုတ် စေရန် အတွေ့အကြုံ ဗဟုသုတ နှင့် မှန်ကန်စွာ ကြံစည် တွေးတော မြော်မြင် တတ်ကြ ရမည် ဖြစ်ပေသည်။     ။


No comments:

Post a Comment