Pages

Wednesday, December 18, 2013

ဦးထမ်းပဲ့ထမ်း တာဝန်ကျေ


ဦးထမ်းပဲ့ထမ်း တာဝန်ကျေ

အသိပညာ ပေးခြင်း ဆိုသည်မှာ လိုက်နာ ကျင့်သုံးရန် ဖြစ်သည်။ အသိပညာ ပေးသူ တို့သည် မိမိတို့ ပေးသည့် အသိပညာကို သက်ဆိုင်သူ တို့ရ၏၊ မရ၏ ၊ ထိရောက်၏ ၊ မထိရောက်၏ ကို သိရန် လိုသည်။

ပေးသူက ပေးသော်လည်း ယူသူက မယူလျှင် မိမိ ရည်မှန်းချက် မည်သို့မျှ မပေါက်ရောက် သည့်အပြင် အချိန်ကုန် အပိုအလုပ် ဖြစ်ကာ မအောင်မြင်သော လုပ်ငန်း ဖြစ်ပေ လိမ့်မည်။

အများ ပြည်သူတို့ နိစ္စဓူဝ ကြုံတွေ့ နေရသော ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း အသိပညာ ပေးမှုများတွင် ယနေ့အချိန် အထိ လိုက်နာ ကျင့်သုံးမှု အားနည်း နေဆဲ ဖြစ်သည်ကို တွေ့ရသည်။ ပညာပေးမှု ဟူသည်မှာ စာဖြင့် ဖြစ်စေ ၊ နှုတ်ဖြင့် ဖြစ်စေ အသိပေးခြင်း ဖြစ်ရာ နှုတ်ထွက် ၊ စာထွက်ကို သိသူရှိ သကဲ့သို့ မသိသူလည်း ရှိမည်။ မည်သို့ပင် ဖြစ်စေ အသိပညာ ပေးခြင်းကို လက်ခံသူတို့ အားနည်း နေဆဲဖြစ်၍ လိုက်နာ ကျင့်သုံးမှု အားနည်း ရခြင်း ဖြစ်သည်။

ယာဉ်စည်ကမ်း ၊ လမ်းစည်းကမ်း လိုက်နာမှု အားနည်း သကဲ့သို့ အခြားသော လုပ်ငန်းဌာန စည်းကမ်း ၊ မြို့ပြ စည်ပင်သာယာ စည်းကမ်း တို့တွင်လည်း ပြည်သူတို့ လိုက်နာမှု အားနည်းလျက် ရှိနေဆဲ ဖြစ်သည်။

ထိုသို့ ပြည်သူတို့ စည်းကမ်း လိုက်နာမှု အားနည်း သောကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ ၊ ယာဉ် မတော်တဆ ဖြစ်မှုများ ၊ မြို့ပြ သာယာ လှပမှု အကျည်းတန် သွားခြင်းများ ၊ မြို့နေလူထု ကျန်းမာရေး ၊ လူမှုရေး ၊ စီးပွားရေး ထိခိုက်မှုများ ကြုံတွေ့ နေကြ ရသည်။

သက်ဆိုင်ရာ တို့က ပြည်သူတို့ အကျိုးအတွက် ဆောင်ရန် ၊ ရှောင်ရန် တို့ကို အသိပညာ ပေးလျက် ရှိသည်။ စည်းကမ်းရှိရှိ တာဝန်သိသိ နေထိုင် ကျင့်သုံးရန် လှုံ့ဆော်၏။ သို့သော် ထို အသိ ပညာပေး မှုကို ပြည်သူ အများက လေးစား လိုက်နာမှု ၊ အလေးထားမှု မရှိဘဲ ဖြစ်နေသည်မှာ နိုင်ငံနှင့် လူမျိုး အတွက် ရှက်ဖွယ် အပြုအမူပင် ဖြစ်သည်။

အကျိုးအမြတ် တစ်ခုအတွက် အရင်းအနှီး ရှိရသည်။ အခွင့်အရေး အတွက် တာဝန်ယူ ရသည်။ ကျန်းမာရေး ၊ လူမှုရေး ၊ စီးပွားရေး ကဏ္ဍစုံ၌ ဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံတော်မှ အသိပညာ ပေး၍ အခွင့်အလမ်း ကောင်းကို ဖန်တီး ပေး၏။ ထို အခွင့်အလမ်း ကောင်းကို ရယူရန် စည်းကမ်း လိုက်နာခြင်း ဟူသော တာဝန်ကို ပြည်သူတို့က အသိ စိတ်ဓာတ် အပြည့်ဖြင့် ထမ်းဆောင် ကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ ခေတ်မီ ဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော် သစ်ကြီး ဖြစ်ပေါ် လာရေးအတွက် နိုင်ငံတော်မှ ဦးထမ်း၍ ဆောင်ရွက် နေချိန် ပြည်သူတို့ ကလည်း စည်းကမ်း လိုက်နာမှု ၊ တာဝန်သိစိတ် အပြည့်ဖြင့် ပဲ့ထမ်းကာ ဖော်ဆောင် သွားကြရန် လိုအပ်ကြောင်း ရေးသား တင်ပြလိုက် ရပေသည်။

( ၁၈-၁၂-၂၀၁၃ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment