Pages

Tuesday, November 5, 2013

လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေမူကြမ်း သည် ပြန်လည် ရင်ကြားစေ့ရေးကို ဖြစ်ပေါ် စေမည်ဟု ထိုင်းဝန်ကြီးချုပ် ပြောကြား


ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ် 

ဘန်ကောက် ၊ ၅-၁၁-၂၀၁၃

အစိုးရက လွတ်ငြိမ်း ချမ်းသာခွင့် ဥပဒေမူကြမ်း ကို အတည်ပြု ချမှတ်ခြင်းသည် နိုင်ငံအတွင်း ပြန်လည် ရင်ကြားစေ့ရေး ကို ဖြစ်ပေါ်စေမည် ဖြစ်သည်ဟု ယုံကြည်ကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ် က ယမန်နေ့ တွင် ပြောကြား ခဲ့သည်ဟု သိရသည်။

ဝန်ကြီးချုပ် ရင်လပ် သည် အဆိုပါ ပြောကြားချက် ကို ၂ဝ၁ဝ ပြည့်နှစ် အတွင်းက အဓိကရုဏ်း ဖြစ်ပွားစဉ် သေဆုံး ခဲ့ရသည့် ထိုင်းပြည်သူ များ၏ မိသားစု ၂၄ စုနှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်သူများ အနေဖြင့် ဖြစ်ပွားခဲ့ သမျှက တစ်ဦးနှင့် တစ်ဦး ခွင့်လွှတ် ကြရန်လည်း သူမက တောင်းဆို ခဲ့သည်။

အဆိုပါ ပြောကြားချက်သည် မြို့တော်အတွင်း အဆိုပါ လွတ်ငြိမ်း ချမ်းသာခွင့်ကို အောက်လွှတ်တော် က အတည်ပြု ခဲ့ခြင်းအပေါ် ကန့်ကွက်သည့် အနေဖြင့် ပြည်သူ အများအပြား က ဆန္ဒပြနေစဉ် ထွက်ပေါ်လာ ခြင်းဖြစ်သည်။ ယခင်က ဖြစ်ပွားခဲ့သည့် ကိစ္စရပ် များနှင့် စပ်လျဉ်း၍ တစ်ဦးနှင့် တစ်ဦး ခွင့်လွှတ်ရမည် ဖြစ်ကြောင်း ၊ ယင်းသို့ အပြန်အလှန် ခွင့်လွှတ်ရန် အစိုးရ အနေဖြင့် လုပ်ဆောင်နိုင်ခြင်း မရှိပါက ယခင်က ကဲ့သို့ အကြမ်းဖက် တိုက်ခိုက်မှုများ နှင့် ထပ်မံ ရင်ဆိုင်ရဖွယ် ရှိကြောင်း ၊ ထို့ကြောင့် နိုင်ငံ၏ အကျိုးစီးပွား အတွက် ခွင့်လွှတ်ရန် လိုအပ်ကြောင်း ရင်လပ် က ထပ်လောင်း တောင်းဆို ထားသည်။

ထို အတောအတွင်း ထောင်ပေါင်း များစွာသော ပြည်သူများသည် ဘန်ကောက် မြို့တော်တွင် အောက်လွှတ်တော် က အတည်ပြု ခဲ့သည့် အဆိုပါ လွတ်ငြိမ်း ချမ်းသာခွင့် ဥပဒေ မူကြမ်းအပေါ် ဆန့်ကျင်သည့် အနေဖြင့် ဆန္ဒပြပွဲများ ကျင်းပခဲ့သည်။ အဆိုပါ မူကြမ်းကို အောက်လွှတ်တော် က အတည်ပြု ခဲ့သော်လည်း ဆီးနိတ် လွှတ်တော်က ယခုလ နှောင်းပိုင်းတွင် အတည်ပြု သင့် - မသင့်ကို ဆုံးဖြတ် သွားမည် ဖြစ်သည်။


အစိုးရ အနေဖြင့် အဆိုပါ လွတ်ငြိမ်း ချမ်းသာခွင့်ကို အတည်ပြု နိုင်ခဲ့ပါက ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် အပါအဝင် ၂ဝဝ၆ ခုနှစ်တွင် စစ်ဘက်မှ အာဏာသိမ်း ပြီးချိန်မှ စ၍ ဆန္ဒပြ ပြည်သူများ အပေါ် အကြမ်းဖက် နှိမ်နင်းခဲ့သူ များအား တရားစီရင် ခြင်းမှ ကင်းလွတ်ခွင့် ရရှိမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment