Pages

Tuesday, November 5, 2013

ပြိုင်ပွဲကျင်းပမည့် ကွင်းအတွင်း လုပ်ငန်းစဉ်များ ရာနှုန်းပြည့် နီးပါး ပြီးစီးနေ ဒီဇင်ဘာ ၉ ရက်မှ စ၍ တစ်ရက်လျှင် နှစ်ပွဲ ယှဉ်ပြိုင် ကစားမည်


မန္တလာသီရိ အဆင့်မြင့် အားကစား ပြိုင်ကွင်း ( မန္တလေး )

မန္တလေး ၊ ၅-၁၁-၂၀၁၃

(၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ပွဲစဉ်များကို မန္တလေးမြို့ တွင် အသစ် တည်ဆောက်လျက် ရှိသော မန္တလာသီရိ အဆင့်မြင့် အားကစား ကွင်း၌ လက်ခံ ကျင်းပမည် ဖြစ်ရာ ပြိုင်ပွဲ ကစားမည့် ကွင်းအတွင်း လုပ်ငန်းစဉ် များမှာ ရာနှုန်းပြည့် နီးပါးပြီးစီး နေပြီ ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အားကစား နှင့် ကာယပညာ ဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

" ပွဲကစားမယ့် ဧရိယာ ၀န်းကျင်နဲ့ ပွဲကြည့်စင် အားလုံးရဲ့ လုပ်ငန်းပိုင်း ဆိုင်ရာတွေ က ရာနှုန်းပြည့် နီးပါး ပြီးစီးနေပြီ ၊ ပြေးလမ်းပိုင်း တွေလဲ အားလုံး ခင်းကျင်း ပြီးစီး သွားပြီ ၊ ပြောရရင် ပွဲကစားဖို့ အနေအထား အသင့်မှာ ရှိနေတယ် ၊ ကွင်းကြီးရဲ့ ပြင်ပ မှာတော့ ပြင်ဆင်စရာ တွေ ရှိသေးတာပေါ့ ၊ ပြင်ဆင်စရာ အပိုင်းမှာ အပင်တွေ စိုက်ရဦးမယ် ၊ ကွန်ကရစ် တွေ လောင်းရဦးမယ် ၊ အဲဒီ အပိုင်းတွေတော့ ကွင်းပြင် ဧရိယာ မှာ ကျန်သေးတယ် ... " ဟု ၄င်းက ပြောသည်။

မန္တလေးမြို့ရှိ မန္တလာသီရိ အဆင့်မြင့် အားကစား ပြိုင်ကွင်းအတွင်း ဒီဇင်ဘာ ၉ ရက်မှ စ၍ ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ၏ အမျိုးသမီး ဘောလုံး ပြိုင်ပွဲများကို လက်ခံ ကျင်းပမည် ဖြစ်ရာ အိမ်ရှင် မြန်မာအသင်း အပါအ၀င် ထိုင်း ၊ မလေးရှား ၊ ဖိလစ်ပိုင် ၊ အင်ဒိုနီးရှား ၊ ဗီယက်နမ် နှင့် တီမော် အသင်းတို့ ပါဝင် ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။

" အားလုံး ပြိုင်ပွဲဝင် အသင်းက ခုနစ်သင်း ၊ တစ်ရက် နှစ်ပွဲ ကစားမှာ ၊ ပွဲကစားချိန် က ညနေ ၄ နာရီမှ စကစားမှာပါ ၊ အုပ်စုပွဲစဉ် တွေကို နိုဝင်ဘာ ၆ ရက်နေ့ ဘောလုံး အဖွဲ့ချု့် မှာ မဲနှိုက်ပြီး ရေးဆွဲမှာပါ ... " မန္တလေးတိုင်း ဒေသကြီး အားကစား နှင့် ကာယပညာ ဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။


အမျိုးသမီး ဘောလုံး ပြိုင်ပွဲအတွက် လေ့ကျင့်ရေး ကွင်းများကို စီစဉ်ထားရာ ဗထူးကွင်း ၊ အား/ကာ သိပ္ပံ လေ့ကျင့်ရေး ကွင်းနှစ်ကွင်း နှင့် ဘောလုံး အကယ်ဒမီ သင်တန်းကျောင်း လေ့ကျင့်ရေး ကွင်းနှစ်ကွင်း ၊ မန္တလာသီရိ အဆင့်မြင့် အားကစား ပြိုင်ကွင်း နှင့် ကပ်လျက်ရှိ လေ့ကျင့်ရေး ကွင်းနှစ်ကွင်း စုစုပေါင်း ခုနစ်ကွင်း စီစဉ် ပေးထားကြောင်း  သိရှိရသည်။

No comments:

Post a Comment