Pages

Tuesday, October 1, 2013

ဘူမိဗေဒ ပညာရှင်များ၏ အကြံပြုချက်အရ ဇာလိုင်ကျေးရွာ အား ရွာလုံးကျွတ် ရွှေ့ပြောင်းရန် လိုအပ်


ဖလမ်း ၊ ၁-၁၀-၂၀၁၃

ချင်းပြည်နယ် ဖလမ်းမြို့နယ် လိုင်ဇိုး ကျေးရွာအုပ်စု သည် ဖလမ်းမြို့မှ နှစ်မိုင်ခွဲ ခန့်သာ ကွာဝေးပြီး ကျေးရွာပေါင်း ခုနစ်ရွာ ရှိသည့် ကျေးရွာအုပ်စု ဖြစ်သည်။

အဆိုပါ အုပ်စုရှိ ကျေးရွာများ သည် ငဆစ်ဗား ရေအားလျှပ်စစ် မှ ၂၄ နာရီ လျှပ်စစ်မီး ရရှိပြီး စီးပွားရေး တွင် နွား ၊ နွားနောက် ၊ ကြက် ၊ ၀က်များ မွေးမြူခြင်း ၊ တောင်ယာ လယ်လုပ်ခြင်း ၊ ခြံထွက် သီးနှံမျိုးစုံ စိုက်ပျိုးခြင်း တို့ဖြင့် အသက်မွေး ၀မ်းကျောင်း အတွက် လုပ်ကိုင် ကြပြီး ဖလမ်းမြို့နေ ပြည်သူများ အတွက် ဟင်းသီး ဟင်းရွက်မျိုးစုံ အများဆုံး တင်ပို့ရောင်းချ သည့် ကျေးရွာအုပ်စု ဖြစ်သည်။ တောင်ယာ လယ်လုပ်ငန်းခွင် သို့သွားခြင်း ၊ ၀န်ထမ်းများ ဖလမ်းမြို့သို့ ရုံးတက် ရုံးဆင်းခြင်း နှင့် ခြံထွက် သီးနှံများ ဖလမ်းမြို့သို့ တင်ပို့ ရောင်းချခြင်း များ ပြုလုပ် ရာတွင်လည်း ဆိုင်ကယ်များ ကိုသာ အသုံးပြုကြပြီး ကျေးရွာနေ ပြည်သူများ သည် စီးပွားရေး အဆင်ပြေလျက် ရှိသည့် ကျေးရွာအုပ်စု ဖြစ်သည်။

အဆိုပါ လိုင်ဇိုးကျေးရွာ အုပ်စုရှိ ကျေးရွာပေါင်း ခုနှစ်ရွာတွင် ပါဝင်သော ဇာလိုင်ကျေးရွာ သည် အိမ်ခြေ ၈၂ အိမ် ၊ လူဦးရေ ၃၅၀ ခန့် နေထိုင်သည့် ရွာကြီး တစ်ရွာဖြစ်သည့် အပြင် အုပ်စု ခန်းမဆောင် တည်ရှိရာ ကျေးရွာ ဖြစ်ပြီး ရွာ၏ သက်တမ်း သည်လည်း နှစ်ပေါင်း တစ်ရာကျော် ရှိပြီဖြစ်သည်။

သို့သော်လည်း ယခုအချိန် တွင် ဖလမ်းမြို့ နှင့် လိုင်ဇိုး ကျေးရွာအုပ်စု မှ အနောက်ဘက် နာဂဒေသ အထိ မြေအောက် ပြတ်ရွေ့ကြော ရှိခြင်းကြောင့် သြဂုတ် ၂၃ ရက် ညနေပိုင်းက လိုင်ဇိုးကျေးရွာ နှင့် ဇာလိုင်ကျေးရွာ များရှိ သိုင်နောက် လိုးဗာ ချောင်းရိုး တစ်လျှောက် သည် အရှည် တစ်မိုင်ခွဲခန့် နှင့် အကျယ် တစ်ဖာလုံခွဲ ခန့် မြေပြိုမှု ဖြစ်ပေါ်ပြီး နေအိမ် လေးလုံးသည် မြေစာနှင့် ရွှံ့နွံထဲသို့ နစ်မြုပ်သည့် အပြင် ဇာလိုင်ကျေးရွာ အတွင်း ကြီးမားသော မြေအက်ကြောင်း များ ဖြစ်ပေါ်မှုကြောင့် ကျေးရွာနေ ပြည်သူများသည် ကြောက်ရွံ့ ထိတ်လန့် ကြပြီး မိမိနေအိမ် များကို စွန့်ခွာကာ အနီးအနားရှိ ကျေးရွာများနှင့် ဖလမ်း မြို့တွင် ပြောင်းရွှေ့နေထိုင်ကြသည်။


သို့ဖြစ်၍ ဘူမိဗေဒ ပညာရှင်များ၏ အကြံပြုချက် နှင့် ချင်းပြည်နယ် အစိုးရ၏ စီစဉ်မှုဖြင့် ဇာလိုင်ကျေးရွာ သည် လိုင်ဇိုးကျေးရွာ အုပ်စုမှ ၁၁ မိုင်ခန့် ကွာဝေးသော ဖလမ်း - ဟားခါး လမ်းမပေါ်ရှိ လုံပီး ကျေးရွာအုပ်စု ၊ လုံရန်း ကျေးရွာ အနီး မြေနေရာလွတ်၌ ရွာလုံးကျွတ် ပြောင်းရွှေ့ နိုင်ရန်နှင့် ဇာလိုင် ကျေးရွာ ရွာသစ် တည်ထောင်ရန် ချင်းပြည်နယ် အစိုးရက လိုအပ်သည် များကို စီစဉ် ဆောင်ရွက်လျက် ကူညီ ပံ့ပိုး ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment