Pages

Saturday, January 26, 2013

အပြောနှင့်အလုပ် တည့်ဖို့လိုသည်



(ရွှေတိုင်လွင်)

ဤကမ္ဘာ မြေလောက ကြီးဝယ် သက်ရှိ ထင်ရှား သွားလာ လှုပ်ရှား နေကြသော လူသတ္တ၀ါ တို့သည် အသိ ၊ ပညာ ၊ ဟီရိ ၊ သြတ္တပ္ပ တည်းဟူသော လူ့ဘောင် လောက၏ ကိုယ်ရေး ၀ိသ တို့ကို အထူး ဂရုပြု နေထိုင် ပြောဆို သွားလာ နေမှသာ လူတစ်ယောက်  ဖြစ်နေခြင်း၏ တန်ဖိုးမှာ ကြီးမြတ် လှပါပေသည်။

ဤကဲ့သို့ မဟုတ်ပါဘဲ လွယ်လွယ်ပြော ၊ လွယ်လွယ်ဆို ဖြစ်သလိုနေ ကိုယ်ထင်ရာ ကိုယ်ဆိုင်း ၊ ငါပြောတာ လုပ် ငါလုပ်သလို မလုပ်နဲ့ ဆိုသော " Do as I Say , No as I Do " ဟူသော အင်္ဂလိပ် စကားဆိုရိုးမှာ ဗုဒ္ဓဘာသာ မြန်မာတို့နှင့် မကိုက်ညီလှပါ။ ဗုဒ္ဓ ဘုရားရှင် ကိုယ်တိုင် ဟောကြား ခဲ့သည်မှာ " ငါလုပ် သလိုလည်း လုပ်ကြည့် ၊ ငါပြော သလိုလည်း လုပ်ကြ ၊ ကောင်းမြတ်သော အကျိုးတို့ကို ရှာတွေ့ နိုင်လိမ့်မည် " ဟု မိန့်ကြားခဲ့ လေသည်။ " Do as I Do , Do as I Say " ဟုပင် ဆိုရ ပါပေမည်။

ယနေ့ မျက်မှောက် ကာလ၀ယ် လူတော်တော် များများမှာ စိတ်ဓာတ်ကို ပြုပြင်ကြရန် အလွန်ပင် အရေးကြီး လှပေသည်။ စိတ်ထားကောင်း မြတ်အောင် နေထိုင်ဖို့ရန် နှင့် မပြီးမြောက် နိုင်ပေ ။ လက်တွေ့မှာ ထိရောက်သော လုပ်ဆောင်ချက် ရှိဖို့ရာ လိုအပ် လှပေသည်။ တစ်ချို့သော လူတော် များများကို မျက်ဝါး ထင်ထင် မြင်တွေ့ နေရပါသည်။ အထူးသဖြင့် ဘာလူကြီး ၊ ညာလူကြီး များ တော်တော်ဆိုး လှပါ ပေသည်။ ကိုယ်ကတော့ ထင်ရာ မြင်ရာကိုလုပ် ၊ ကိုယ့်အောက်က လူတွေကို ကျတော့ ဟိုဟာ မလုပ်နဲ့ ၊ ဒီဟာ မလုပ်နဲ့ ၊ ဒီဟာကို - ဟိုလိုလုပ် ဆိုတဲ့ ဗျူရိုကရက် ဆန်သော ၊ အာဏာရှင် ဆန်သော အသွေးအမွေး တို့ကို ကျင့်သုံး နေထိုင် ပြောဆို နေကြသည်မှာ အလွန် အကျည်းတန် ၊ အရုပ်ဆိုး လှသလို ဒီမိုကရေစီ ဆိုထားတဲ့ စကားရပ်ကို ပြောရာမှာ အလွန် ခြားနား နေပါကြောင်း တွေ့ရှိ ရပါ လေသည်။

ဒီမိုကရေစီ၏ အနှစ်သာရမှာ ဥပဒေကို အစဉ် လေးစား လိုက်နာ ဆောင်ရွက် ရသော ပြည်သူ့ အကျိုး ဖော်ဆောင် ခြင်းပင် ဖြစ်ပေသည်။ သို့ရာတွင် တစ်ချို့ တစ်ချို့သော သူများက ၊ အာဏာပါဝါ အရှိန်အ၀ါ တွေကို ခုတုံးလုပ် နေကြသည်မှာ ဥပဒေကို ချိုးဖောက် နေသလို ဖြစ်ပါသည်။ ဥပမာ ဆိုရပါလျှင် သာမန် လူတစ်ဦး ထိုဥပဒေကို ကျူးလွန်သော အပြစ်သည် အရေးယူ ရမည် ဖြစ်သလို တာဝန်ရှိ သူလူကြီး အုပ်ချုပ်သူတို့ အပြစ်ရှိ လျှင်လည်း ထိုဥပဒေကို ရှောင်တိမ်းပြီး ဘာနှင့်မျှ တားဆီးခွင့် မရှိသည့် ပြည်သူကို လေးစားရာ ရောက်သလို ၊ ဒီမိုကရေစီ ၏ အနှစ်သာရပင် ဖြစ်ပါကြောင်း ၊ ဥပဒေကို မထီမဲ့မြင် မလုပ်သင့် ပါကြောင်း လေ့လာ တွေ့ရှိရ ပါသည်။ ကိုယ်ပြုသမျှ ကိုယ့်တာဝန် သာ ဖြစ်ပါသည်။ ကောင်းတာကို ဆောင်ရွက်လျှင် ကောင်းချီးကို ပေးခံရမည်။ မဟုတ်မမှန် ၊ မတရား တာကို ဆောင်ရွက်လျှင် တရားဥပဒေ ၏ သွန်သင်မှုကို လူတိုင်း လူတိုင်း ခံရမှာ ဖြစ်ပါ ပေသည်။

တစ်ချို့သော သူတို့ကား အဖွဲ့အစည်း ၊ လုပ်ပိုင်ခွင့် တို့အပေါ် မှီတွယ်ကာ ခုတုံး လုပ်စား သကဲ့သို့ အရှိန်အ၀ါ သုံးပြီး တစ်လွဲ လုပ်တတ် ကြသည်။ တစ်ချို့ ကျတော့လည်း နေရာတကာ လူတွင်ကျယ် လုပ်ချင်သည်။ ပြောတော့ တစ်မျိုး လုပ်တော့ တလွဲ သာတဲ့ သူကိုမှ ပေါင်းပြီး လုပ်ပိုင်ခွင့် နှင့် အာဏာ အပေါ် မူးယစ်တတ်သော အယောင်ဆောင် လူကြီး လူကောင်း တို့ကိုလည်း လေ့လာ တွေ့ရှိ ရပါသည်။

အမှန် တကယ်တော့ ကိုယ်ချင်းစာ ၊ ကိုယ်ကျင့် တရားကောင်း မရှိသော တစ်လွှဲ ဆံပင် ကောင်းသည့် အချောင် သမားမျိုးသာ ဖြစ်ပါချေသည်။ အရာရာကို ကြီးကြီး ကျယ်ကျယ် ချဲ့ထွင်ပြီး ဆိုပါသော်လည်း တကယ်တမ်း ကျတော့ ပြောသလောက် မဖြစ်တတ်သော အာချောင်သည့် လူတစ်ချို့ ကိုလည်း တွေ့မြင် ရပေသည်။

များသောအားဖြင့် ယခုဆိုလျှင် နိုင်ငံရေး အသိုင်းအ၀န်းမှာ ကြည့်နိုင် မြင်နိုင်ပါသည်။ သူတစ်ပါးကို အပုပ်ချပြီးမှ နေရာယူ တတ်သူ ၊ သူများကို ခုတုံးလုပ် ဂုတ်ခွစီးပြီး အပေါ်ကို မော့ကြည့် တတ်သူတွေ ၊ အင်အားနည်း သည့်ဘက်မှ အင်အားကြီး သောဘက်ကို ခုန်ကူးသော လူတစ်စု တို့ကိုလည်း အလွန်မှ အံ့သြဖွယ် တွေ့မြင် ရသလို ၊ သူတစ်ပါးကို ထိခိုက် နာကျင်အောင် အဆမတန် လုပ်ပြီးမှ ပြန်တောင်းပန် တယ်ဆိုတာတော့ မဖြစ်သင့် ၊ လုပ်သော သူများတွင် လုပ်သလောက် ပြန်ပြီး အပြစ်ခံယူ ရမှာ ဖြစ်ပေသည်။ ဤသည်မှာ ဗုဒ္ဓ၏ ၀ိနည်း စည်းကမ်း တရားများမှ လေ့လာ သိရှိ ရပေမည်။

တစ်ချို့ကျတော့ ကိုယ့်ကိုယ်ကို နာယကကြီး ၊ နာယကကြီး ၊ နာယကကြီး နှင့် ရမ်းဖြီး နေလေသည်။ အမှန်တော့ ကိုယ်ကျင့် သီလ မခိုင်မြဲ ပါဘဲ ဖောက်ဖျက် ထားသည်ကို ဖုံးကွယ်ကာ ဟန်တစ်လုံး ၊ ပန်တစ်လုံးဖြင့် ဘ၀င်လေဟပ် နေသည့် လူကြီးများ ကလည်း ဖြစ်ပါသည်။ ကိုယ့်ကိုယ်ကို ကိုယ်ဖော် မသူတော် ၇ ပါးဟု ဆိုထား ပါသည်။ သူတော်ကောင်း တို့ကား ငါကွ သူတော်ကောင်း လို့ မကြေညာ သလို သူတစ်ပါး ကိုလည်း အတင်းအဖျင်း အပုပ်ချပြီး ဆိုပြီးသော စကား ပြောလေ့ မရှိကြသည် ကိုလည်း လေ့လာ မှတ်သား သိရှိရ ပါသည်။

ဘာကိုပဲ လုပ်လုပ် ကောင်းတာကို လုပ်ရင် ကောင်းကျိုး ခံစားရမည်။ မကောင်းတာကို ပြုလုပ်မိလျှင် မကောင်းမှု ပြုလုပ်ခြင်း၏ အဆအတိုင်း ဥပဒေ ဘောင်အတွင်း သက်ဆင်း ကြရမှာ ဖြစ်ပါလေသည်။ ဤနေရာတွင် သူကတော့ လူကြီး မို့လို့ ကင်းလွတ်ခွင့် ရှိသည်။ သူက ဗိုလ်ကြီး ဖြစ်လို့ ၊ ညွှန်ချုပ် ဖြစ်လို့ ဘာကြီး ညာကြီး ဆိုတဲ့ ဂုဏ်ပုဒ်တွေကို ကာကွယ်ပေးရင် အဲဒါ ဒီမိုကရေစီ နှင့် ဆီလျှော်သော ဥပဒေ မဖြစ်နိုင်ပါ။ ဥပမာ လူကြီး လိမ်ရင် လိမ်မှုနဲ့ အရေးယူ ရမှာပါ။ ခိုးလျှင် ၊ အလွဲသုံးစား ပြုလျှင် အရပ်သား များနည်းတူ ဥပဒေ၏ လမ်းကြောင်း အတိုင်းပင် ချမှတ် ဆောင်ရွက်ပါမှ ဥပဒေကို လေးစားရာ ရောက်ပါ ပေမည်။ ဤသို့ မဟုတ်ပါလျှင် ဥပဒေကို မျက်ကွယ်ပြုရာ ရောက်သလို လူတွေ အားလုံးဟာ လိမ်မှု ၊ ညာမှု ၊ ခိုးမှု ၊ လုယက်မှု တွေကို လွယ်လင့်တကူ ပြုမူ နေထိုင် သွားကြ ပါပေလိမ့်မည် ဟု တွေးမြင်မိ ပါသည်။

ထို့အတူပင် အရာရာကို ပြုမူ ဆောင်ရွက် ကြရာ၌ အများအကျိုး ထိထိ ရောက်ရောက် သယ်ပိုးနိုင် ကြရပါမည်။ ထို့အတွက် အမြတ်အစွန်း အကျိုးအမြတ် ရရှိဖို့ကို ထည့်တွက် ပြီးမှ ဆောင်ရွက်သော သူသည် တန်စိုးလက်ဆောင် စားသူနှင့် တူသည်။ သံဃိက ပစ္စည်း စားသုံး သကဲ့သို့ ဖြစ်ကြောင်း ကိုလည်း ဘာသာရေး ရှုထောင့်မှ မြင်တွေ့ ရပါသည်။ ယနေ့ မျက်မှောက် ခေတ်ကြီးဝယ် ကိုယ်ကျိုးရှာ အချောင်သမား တို့ အာချောင်ပြီး အမျိုးအကျိုး ဟု ရှေ့တန်း တင်ကာ ဆောင်ရွက် သော်လည်း နောက်ကွယ်မှ ၀ဲဂယက် သဖွယ် လှည့်စား နေကြသည်က များပါသည်။ လူကြီးက မစားသော်လည်း လူကြီးကတော် အိမ်ကို နောက်ပေါက်က ၀င်တဲ့ ကာတွန်းရုပ်ပြောင် ကလေးက အမှန်ကို ဖော်ညွှန်း ပြနေတာ ဖြစ်ပါသည်။

သို့ပါ၍ လူတိုင်း လူတိုင်းသော မြန်မာ လူမျိုး အပေါင်းတို့ ကလည်း လုပ်ငန်း ဆောင်ရွက်ပြီးတိုင်း ပြန်လှန် သုံးသပ် သွားကြရမှာ ဖြစ်ပါသည်။ မိမိ ဘာလုပ် မိသည် ၊ ဘာလုပ် ခဲ့သည်ကို ကိုယ့်ကိုယ်ကို သိထားဖို့ အရေးကြီး ပါသည်။ သို့မှသာ အပြောနှင့် အလုပ် တည့်မတ် နေပေလိမ့်မည် ဟု မျှော်တွေးလျက် ရေးသား လိုက်ရပါသည်။

No comments:

Post a Comment