Pages

Friday, February 1, 2019

ငမိုးရိပ်တံတား (ကမာကြည် -၂)တွင် မော်တော်ယာဉ်များ ယာယီ ဖြတ်သန်းခွင့်ပြု

ငမိုးရိပ်တံတား (ကမာကြည် -၂)တွင် မော်တော်ယာဉ်များ ယာယီ ဖြတ်သန်းခွင့်ပြု
-
ရန်ကုန် ဇန်နဝါရီ ၃၁ 
-
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် (သုဝဏ္ဏ)နှင့် ဒဂုံ(တောင်ပိုင်း)မြို့နယ် တို့ကို ဆက်သွယ်မည့် ငမိုးရိပ်ချောင်းကို ဖြတ်သန်းကာ တောင်ကိုရီးယား နည်းပညာဖြင့် တည်ဆောက်ထားသောငမိုးရိပ်တံတား (ကမာကြည်-၂)သည် ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်၍ ယနေ့မှစကာ မော်တော်ယာဉ်များ ယာယီဖြတ်သန်း ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ 
-
''ဒီနေ့ ငမိုးရိပ်တံတား(ကမာကြည် -၂)ကို ယာယီ ဖြတ်သန်းခွင့် ပေးလိုက်ပါပြီ။ ဒီတံတားက သင်္ဃန်းကျွန်းမြို့နယ်(သုဝဏ္ဏ)နဲ့ ဒဂုံ(တောင်ပိုင်း)မြို့နယ်ကို ဆက်သွယ်ထားလို့ ဒဂုံ(တောင်ပိုင်း) မြို့နယ်ကနေ ရန်ကုန်မြို့ထဲကို ဖြစ်ဖြစ်၊ ရန်ကုန်မြို့ထဲကနေ ဒဂုံ(တောင်ပိုင်း) မြို့နယ်ကို ဖြစ်ဖြစ် သွားလာမယ်ဆိုရင် အချိန်ကုန်သက်သာပြီး အလွယ်တကူ သွားလာနိုင်မှာပါ။ တံတားရဲ့ ကြံ့ခိုင်မှုကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ(YCDC)က အနီးကပ် ကြီးကြပ်ပြီး တောင်ကိုရီးယား နိုင်ငံရဲ့တံတား အရည်အသွေးပိုင်း စစ်ဆေးတဲ့ အဖွဲ့တွေက စစ်ဆေးထားတာဖြစ်လို့ တံတားကကြံ့ခိုင်မှု အား ကောင်းပါတယ်'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန(လမ်း၊ တံတား)မှ ဦးစီးအရာရှိ ဦးကျော်ကျော်လှိုင်ကပြောသည်။ 
-
တံတားဖွင့်ပွဲ အခမ်းအနားကို သင်္ဃန်းကျွန်းမြို့နယ် တံတားစီမံကိန်းရုံး တည်ရှိရာ သုဝဏ္ဏမြို့ဦး စေတီအနီး၌ ဖေဖော်ဝါရီ ၇ ရက်တွင်ကျင်းပမည် ဖြစ်ကြောင်း၊ အဆိုပါ တံတားကို ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် စတင် တည်ဆောက်ခဲ့ပြီး ၂ဝ၁၈ ခုနှစ် သြဂုတ် ၂၄ ရက်တွင် ခုနစ်လဖြင့် အပြီးတည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယင်းတံတားသည် ငမိုးရိပ်ချောင်းပေါ်တွင် ၁၉ စင်းမြောက်ဖြတ်သန်းဆောက်လုပ်ခြင်း ဖြစ်ပြီး ကမာကြည်လမ်းတွင် နှစ်စင်းမြောက် တည်ဆောက်သော တံတားဖြစ်ကြောင်း သိရသည်။ ငမိုးရိပ်(ကမာကြည်-၂) တံတားကို တောင်ကိုရီးယား နိုင်ငံပညာရှင်များ၏အကြံပြုထားသော ဒီဇိုင်းအတိုင်း တည်ဆောက်ထားခြင်း ဖြစ်ပြီး တောင်ကိုရီးယား ပညာရှင်များ၏ အနီးကပ်ကြီးကြပ် ဆောင်ရွက်မှုများဖြင့် တည်ဆောက်ထားသော တံတားဖြစ်သည်။ 
-
ပင်မတံတား အရှည် ၈၄၆ ပေရှိပြီး ချဉ်းကပ်လမ်းပေ ၃၉ဝ အပါအဝင် စုစုပေါင်း တံတားအရှည် ၁၂၃၆ ပေရှိပြီး PC Girder များ အသုံးပြုထားသည်။ ပင်မတံတားကို မီတာ ၆ဝ ရှိSteel Box Girderအသုံးပြုထားပြီး ၃၆ မီတာရှိ PSC e -Beam အမျိုးအစားဖြင့် တည်ဆောက်ထားသည်။ တံတားပေါ်တွင် ယာဉ်သွားလမ်းအကျယ် ၂၆ ပေ ရှိကာ ရေလမ်းကင်းလွတ် အမြင့်မှာ ရေအတက်ဆုံးအချိန်တွင်၁၈ ပေခန့်ရှိပြီး ခံနိုင်ဝန်အနေဖြင့် ယာဉ်တစ်စီးချင်းတန် ၆ဝ ရှိ ယာဉ်များဖြတ်သန်း မောင်းနှင်နိုင်ကြောင်းနှင့် ငမိုးရိပ်ချောင်းရေလမ်းအကျယ်မှာ ၁၇၇ ပေရှိကြောင်း တံတား တည်ဆောက်ရေးစီမံကိန်းရုံးမှ သိရသည်။ 
-
မောင်မျိုး (ဧရာဝတီ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment