Pages

Wednesday, February 6, 2019

ရေနှင့် သန့်ရှင်းရေးဌာနကို ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်း တာဝန်ခံအဖွဲ့ ဟူ၍ ပြောင်းလဲမည်

ရေနှင့် သန့်ရှင်းရေးဌာနကို ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်း တာဝန်ခံအဖွဲ့ ဟူ၍ ပြောင်းလဲမည်
-
ရန်ကုန်  ဖေဖော်ဝါရီ  ၅ 
-
ရေနှင့်သန့်ရှင်းရေးဌာနကို ရေရရှိရေးနှင့် ရေပေးဝေရေး တာဝန်ခံအဖွဲ့ဟူ၍ ပြောင်းလဲမည် ဖြစ်ကြောင်း  ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရေနှင့် သန့်ရှင်းရေးဌာန ဒုတိယဌာနမှူး ဦးမြင့်ဇော်သန်းထံမှ သိရသည်။ ''နောက်ကို ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်းတာဝန်ခံအဖွဲ့ ဆိုပြီး ပြောင်းလဲသွားမှာပါ။ ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေအားလုံးကိုပြန်လည်ပြင်ဆင်ပါမယ်။ ပြောင်းလဲဆောင်ရွက်တဲ့ အခါ ကဏ္ဍကြီးသုံးခုကို ဖွံ့ဖြိုး တိုးတက်အောင် အဓိကထား ဆောင်ရွက်မယ်''ဟု ဦးမြင့်ဇော်သန်း ကပြောသည်။ 
-
ကဏ္ဍကြီးသုံးရပ်မှာ အဖွဲ့အစည်း  စီမံခန့်ခွဲမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊  ရေအရည်အသွေး စီမံခန့်ခွဲမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့်  ရေလေလွင့်ပြုန်းတီးခြင်း  စီမံခန့်ခွဲမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတို့ ဖြစ်သည်။ အဖွဲ့အစည်းစီမံခန့်ခွဲမှုဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် ရေပေးဝေရေး တိုးတက်ရန်ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များကို စဉ်ဆက်မပြတ် မြှင့်တင်ပေးခြင်း၊ စွမ်းဆောင်ရည်ပြ ညွှန်းကိန်းများပေါ်၌အခြေခံ၍ အနာဂတ် အစီအစဉ်များ ရေးဆွဲခြင်းဖြင့် စီမံခန့်ခွဲရန်၊ ရေးဆွဲထားသော စည်းမျဉ်းစည်းကမ်း၊ စံစနစ်၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ လမ်းညွှန်ချက်များအပေါ် အခြေခံ၍ ရေပေးဝေရေး လုပ်ငန်းကို စီမံခန့်ခွဲရန်နှင့် ရေပေးဝေရေးလုပ်ငန်းကိုဘဏ္ဍာရေးအရလုံလောက်ပြီး လွတ်လပ်သော ရေပေးဝေရေးအဖွဲ့အစည်းတစ်ခုအဖြစ် စီမံခန့်ခွဲနိုင်ရန်စသည့်အချက်များဖြင့် ဆောင်ရွက်မည်ဖြစ်သည်။ 
-
ထို့ပြင် ရေအရည်အသွေး စီမံခန့်ခွဲမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် ရေအရည်အသွေးနှင့် ပတ်သက်သည့် ပြဿနာများကိုရှာဖွေဖြေရှင်းကာ ပြည်သူများက ယုံကြည်စိတ်ချရသည့် သန့်ရှင်းသော သောက်သုံးရေများ  ဖြန့်ဝေနိုင်ရေး လုပ်ငန်းစဉ်များ ပါဝင်မည်ဖြစ်ပြီး  ရေလေလွင့်ပြုန်းတီးခြင်း စီမံခန့်ခွဲမှုဆိုင်ရာ  ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင်  ရေလေလွင့်ပြုန်းတီးခြင်း စီမံခန့်ခွဲမှုစနစ်ကို အကောင်အထည်ဖော်ရန်နှင့်  ရေလေလွင့်ပြုန်းတီးမှု   လျှော့ချရေး စီမံချက်ကို စဉ်ဆက် မပြတ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ 
-
ရန်ကုန်မြို့၌  ဂျိုးဖြူရေလှောင်ကန်မှ ရေဂါလန် ၂၇ သန်း၊ ဖူးကြီးရေလှောင်ကန်မှ ရေဂါလန် ၅၄ သန်း၊   ငမိုးရိပ်ရေပေးဝေရေး စီမံကိန်း ပထမအဆင့်မှ ရေဂါလန် ၄၅ သန်း၊  ငမိုးရိပ်ရေပေးဝေရေး စီမံကိန်း ဒုတိယအဆင့်မှ ရေဂါလန် ၄၅ သန်း၊ စည်ပင် အဝီစိတွင်းရေမှ   ရေဂါလန် သန်း ၂ဝ ပေးဝေလျက် ရှိကြောင်းသိရသည်။ ထို့ကြောင့်  တစ်နေ့လျှင် ရေဂါလန် ၁၉၁ သန်းပေးဝေလျက်ရှိပြီး ရန်ကုန်မြို့သည် ၈၂၈ ဒသမ ၉၆ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး လူဦးရေ  ၅ သန်းကျော် နေထိုင်လျက်ရှိကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment