Pages

Tuesday, February 5, 2019

ဧရာဝတီမြစ်အတွင်း သောင်ထွန်းလာမှုနှင့် အတူ ရေလမ်းကြောင်းများ ပျောက်လာသောကြောင့် သင်္ဘောများ သွားလာရေး ခက်ခဲ

ဧရာဝတီမြစ်အတွင်း သောင်ထွန်းလာမှုနှင့် အတူ ရေလမ်းကြောင်းများ ပျောက်လာသောကြောင့် သင်္ဘောများ သွားလာရေး ခက်ခဲ
-
ပြည်  ဖေဖော်ဝါရီ  ၄ 
-
ပဲခူးတိုင်းဒေသကြီး   ပြည်ခရိုင် ရွှေတောင်မြို့နယ် ဧရာဝတီမြစ်အတွင်း သဲသောင်များ ဖြစ်ထွန်းမှု၊ မြစ်ကြောင်း ကျဉ်းမြောင်းလာမှု၊ ရေလမ်းကြောင်း ပျောက်မှုနှင့် မြစ်ရေတိမ်လာမှုတို့ကြောင့် ကုန်တင်သင်္ဘောများ သွားလာရေး ခက်ခဲလျက် ရှိကြောင်း   ပြည်မြို့နယ် ရေအရင်းအမြစ်နှင့်   မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လမ်းကြောင်းပြ အဖွဲ့မှသိရသည်။ 
-
ရွှေတောင်မြို့နယ်တွင်း သင်္ဘောတစ်စင်း  သောင်တင်ရာမှ စတင်ကာ သဲသောင် ဖြစ်ထွန်းနေသော ထန်းလုံးချောင်းကျေးရွာ၊တက်သစ်ကျွန်း၊ နွားမယံ စသည့်နေရာတို့တွင် အစုန်နှင့်အဆန်  ကုန်တင်သင်္ဘောများ အစင်း ၄ဝ ခန့် ဖေဖော်ဝါရီ ၄ ရက်ထိ တစ်ပတ်ကြာ ပိတ်မိလျက်ရှိကြောင်း သိရသည်။ ပထမဆုံး စပြီးသောင်တင်တဲ့ သင်္ဘောဟာဆိုရင် ရေစူး(သင်္ဘော အလေးချိန်ကြောင့် ဝမ်းဗိုက်အောက်ခြေ ရေအနက်) ၆ ပေကျော် ကုန်တင်လာလို့ သောင်တင်သွားတာပဲ။ အဲဒီတော့ရေစူးများပြီး ကုန်တင်လာတဲ့ သင်္ဘောတွေဆိုရင် သောင်ထပ်တင်ဦးမှာမို့ စောင့်နေရတယ်။ မဖြစ်မနေ လမ်းကြောင်းတစ်ခု ပြောင်းဖို့ကလည်း အဲဒီနေရာက မြစ်ပြင်တစ်ခုလုံး ရေစူး ၆ ပေလောက်ပဲ သွားလို့ရမယ့်နေရာချည်းပါပဲ''ဟု ပြည်မြို့နယ် ရေအရင်းအမြစ်နှင့်    မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လမ်းကြောင်းပြအဖွဲ့မှ ရေလမ်းပြကျွမ်းကျင်သူ ဦးဝင်းကြည်ကပြောသည်။  
-
ရေကြောင်းကျပ်ကာ သွားရေးလာရေး ခက်ခဲသောကြောင့် ကုန်များ အချိန်မီမရောက်ခြင်း၊ ရေလမ်းကြောင်းများ ပျောက်နေခြင်း၊ စားစရိတ်နှင့် အခြားကုန်ကျစရိတ်များ မြင့်တက်လာခြင်းတို့ကြောင့် အခက်အခဲများဖြစ်နေကြောင်းနှင့် အချို့မြစ်သဲကျောက်စုပ် လုပ်ငန်းများကြောင့်လည်း ရေလမ်းကြောင်း ကျပ်နေရကြောင်း ရွှေတောင်မြို့နယ် ဧရာဝတီမြစ်အတွင်း ပိတ်မိနေသည့် တွဲသင်္ဘောတစ်ခုမှ သင်္ဘောလုပ်သားကိုသက်ပိုင်က ပြောသည်။ ရန်ကုန်-မန္တလေး ဧရာဝတီမြစ် ရေကြောင်းလမ်းအတွင်း  သင်္ဘောသွားလာရေး ကျပ်တည်းလေ့ ရှိသည့်နေရာများမှာ ထုံးဘို၊ တက်သစ်ကျွန်း၊ စမိတ်ခုံ၊ မြောင်၊ ကျောက်ပုံနှင့်အချို့နေရာများဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment