Pages

Wednesday, January 2, 2019

အင်းလေး ဖောင်တော်ဦးဘုရား ရွှေသင်္ကန်း ကပ်လှူခွင့် ရပ်ဆိုင်းမည်

-
ညောင်ရွှေ   ဇန်နဝါရီ   ၁ 
-
ရှမ်းပြည်နယ်(တောင်ပိုင်း)  ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ရှေးဟောင်း အမွေအနှစ်  သမိုင်းဝင်ဖောင်တော်ဦး ဘုရား၏ မူလသွင်ပြင် ပျောက်ကွယ်နေမှုများကြောင့် သြဝါဒဆရာတော်ကြီး များ၏ အစည်းအဝေး ဆုံးဖြတ်ချက်များအရ ယနေ့မှစတင်၍ ရွှေသင်္ကန်းကပ်လှူပူဇော်ခွင့် မပြုတော့ကြောင်း ဖောင်တော်ဦးမြတ်စွာဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။ ''ဖောင်တော်ဦးဘုရားနှင့်ပတ်သက်၍ သြဝါဒဆရာတော်ကြီးတွေကဒီဇင်ဘာ ၂၇ ရက် အစည်းအဝေး ဆုံးဖြတ်ချက်အရ  ခွင့်ပြုလိုက်ပြီး ဒီအခြေအနေနဲ့ပတ်သက်၍   သာသနာရေး ဝန်ကြီးဌာနနဲ့  ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ကို စာတင်ထားပါတယ်။  အဓိက တားမြစ်ရတာကတော့ ရွှေကပ်တာတွေက ညီမျှမှုမရှိဘူး။  ဘုရားပင့်ရာမှာလည်း အခက်အခဲဖြစ်ပါတယ်''ဟု ဖောင်တော်ဦးဂေါပက အဖွဲ့ဝင်တစ်ဦးက ပြောသည်။ အဆိုပါအင်းလေး ဖောင်တော်ဦးဘုရားကို ရွှေသင်္ကန်း ကပ်လှူမှုများ များပြားသည့်အတွက်အလေးချိန်များတိုးလာခြင်းနှင့် ရုပ်ပွားတော်မြတ်များ၏ မူလသွင်ပြင်များ ပျောက်ကွယ်နိုင်ခြင်း  စသည့် အချက်များကြောင့် ရွှေသင်္ကန်းကပ်လှူပူဇော်ခွင့်ကို ရပ်ဆိုင်းရခြင်းဖြစ်သည်။ 
-
အင်းလေးဖောင်တော်ဦးဘုရားသည် ပုဂံခေတ်လက်ရာ ဆင်းတုတော်များဖြစ်ပြီး ရွှေသင်္ကန်းကပ်လှူမှု များပြားသဖြင့် ပကတိရှိသော အရွယ်အစားထက် လက်ရှိတွင် ပိုမိုကြီးမားနေခြင်းကြောင့် ရွှေသင်္ကန်းကပ်လှူမှုကို ခွင့်မပြုတော့ခြင်းဖြစ်ကြောင်း၊ တင်ပြထားသည့်စာများ ခွင့်ပြုချက်ရရှိပါက ဖောင်တော်ဦးဘုရားအား မှန်များ ကာရံသွားမည်ဖြစ်ပြီး ၂၁ ဌာနသို့ ဒေသစာရီကြွချီချိန်မှသာ ဖောင်တော်ဦးဘုရားအား ရွှေသင်္ကန်းကပ်လှူပူဇော်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment