Pages

Tuesday, January 29, 2019

ဆူညံမှုများ ရှိနေစဉ် တစ်ဖက်၏ ပြောစကားကို ရှင်းလင်းစွာ ကြားနိုင်စေမည့် လေဆာ သေနတ်

ဆူညံမှုများ ရှိနေစဉ် တစ်ဖက်၏ ပြောစကားကို ရှင်းလင်းစွာ ကြားနိုင်စေမည့် လေဆာ သေနတ်
-
မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်၏ လင်ကွန်းဓာတ်ခွဲခန်းမှ သုတေသနပညာရှင်များက ဆန်းသစ်လွန်းသော လေဆာသေနတ် တစ်မျိုးကိုတီထွင်လိုက်သည်။ လေဆာသေနတ်မှ ထွက်သွားသည့် လေဆာရောင်ခြည်တန်းများသည် သတင်းစကား ပေးပို့လိုသူ၏ ပြောစကားများက သတင်းစကား လက်ခံမည့်သူ၏ နားထဲသို့ အသံလှိုင်း အဖြစ်ဝင်သွားခြင်း ဖြစ်သည်။ 
-
ထိုအသံများသည် မည်သည့် အခြေအနေတွင်မဆို လူတစ်ဦးတစ်ယောက်၏ နားအတွင်းသို့ သာမန်ပြောဆိုနေကျ အသံအတိုးအကျယ် ပမာဏအတိုင်း ဝင်သွားခြင်း ဖြစ်သည်။ ဆိုလိုသည်မှာအလွန်ဆူညံသော အခန်းအတွင်းရှိ လူများ သို့မဟုတ် တိုက်ပွဲဝင်နေသည့် စစ်သည်များ အနေဖြင့် ထိုလေဆာသေနတ်မှ ထွက်ပေါ်လာသည့် အသံကို လူတစ်ဦးက အနားတွင် လာပြောနေသကဲ့သို့ကြားရမည် ဖြစ်သည်။ မျက်လုံးများနှင့် အရေပြားအတွက်စိတ်ချရမှု အပြည့်အဝရှိသည့် လေဆာများကို အသုံးပြုထားခြင်းသည် ယခုစနစ်တွင် ပထမဆုံးဖြစ်သည်။ 
-
ထိုစနစ်တွင် အသုံးပြုထားသည့် နည်းလမ်းမှာ အသံတုံ့တင်နည်းဖြင့် ပုံဖော်မှု ဖြစ်သည်။ ယင်းနည်းလမ်းသည် အရာဝတ္ထုတစ်ခုက အလင်းကို စုပ်ယူပြီးနောက် အသံလှိုင်းများကို ဖြစ်ပေါ်စေခြင်းဖြစ်သည်။ သုတေသနပညာရှင် များသည် ၄င်းတို့၏ စီမံကိန်းအတွက် အလင်းကို စုပ်ယူပြီး အသံကို ဖန်တီးနိုင်ရန် လေထုအတွင်းရှိ ရေငွေ့ကို အသုံးပြုခြင်း ဖြစ်သည်။ သို့သော် အဆိုပါ လေဆာကို ခြောက်သွေ့သော အခြေအနေ များတွင်လည်း အသုံးပြုနိုင်သည်။ 
-
အဘယ်ကြောင့် ဆိုသော် လေထုအတွင်း ရေငွေ့ပမာဏ အနည်းငယ် ရှိသောကြောင့်ဖြစ်ပြီး အထူးသဖြင့် လူများအနီးတွင် ရေငွေ့ရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ၄င်းတို့၏ လေဆာကို နေအိမ်အတွင်းမှာသာမက ပြင်ပရှိ မည်သည့်နေရာ တွင်မဆို အသုံးပြုနိုင်ကြောင်း သုတေသန ပညာရှင်များက ပြောထားခြင်း ဖြစ်သည်။ 
-
အဆိုပါ လေဆာသေနတ်သည် လက်ရှိတွင် ၂ ဒသမ ၅ မီတာ အကွာရှိ လူတစ်ဦးထံသို့ ၆ဝ ဒက်စီဘယ်ပမာဏ ရှိသည့်အသံကို လွှင့်ထုတ်နိုင်ကြောင်းနှင့် ယခုထက် ပိုမိုဝေးကွာသည့် အကွာအဝေးရရှိစေရန် လွယ်တကူအဆင့်မြှင့်တင်နိုင်မည် ဖြစ်ကြောင်း သုတေသနပညာရှင်များက ၄င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 
-
ယခုတီထွင်လိုက်သည့် လေဆာသေနတ်သည် အဓိကအားဖြင့် တိုက်ပွဲဝင်နေသော စစ်သည်များအတွက် အသုံးတည့် စေနိုင်မည့် သေနတ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အမြောက်သံ၊ ဗုံးသံများဖြင့် နားကွဲလုမတတ် ဆူညံနေသည့် အခြေအနေများတွင် လက်အောက် စစ်သည်များက ခေါင်းဆောင်များ၏ အမိန့်ကို ရှင်းလင်း လွယ်ကူစွာ ကြားစေနိုင်သောကြောင့် ဖြစ်သည်။ 
-
Ref: Mail Online
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment