Pages

Tuesday, January 29, 2019

မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး
-
နေပြည်တော် ဇန်နဝါရီ ၂၈ 
-
ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr.  Nguyen Quoc Dung ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ  ၃ နာရီခွဲတွင်  နိုင်ငံခြားရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ 
-
ထိုသို့တွေ့ဆုံစဉ်  မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံနိုင်ရေးအတွက်  မြန်မာအစိုးရမှ ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်းရှိ အသိုက်အဝန်း အားလုံးအတွက် လူသားချင်း စာနာထောက်ထားမှုအကူအညီပေးအပ်ရေး၊ ဒေသဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်နေသည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ 
-
တွေ့ဆုံပွဲတွင် ဗီယက်နမ်ဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် ဗီယက်နမ်အစိုးရမှ  ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှုအကူအညီ ထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းသို့ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ  ၁ဝဝဝဝဝ ကို ပေးအပ်လှူဒါန်းရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည် ပေးအပ်သည်။ 
-
တွေ့ဆုံပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E.  Dr.  Luan  Thuy  Duong  နှင့် ဗီယက်နမ်ကိုယ်စားလှယ် အဖွဲ့ဝင်များ  တက်ရောက်ကြသည်။ 
-
ဗီယက်နမ်ဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ်သည် ယနေ့မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင်  အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်နှင့် တွေ့ဆုံပြီး မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား အာဆီယံ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် ပိုမိုပူးပေါင်း ဆောင်ရွက်သွားရေး ကိစ္စရပ်များကို ဆွေးနွေးကြကြောင်း သိရသည်။ 
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment