Pages

Tuesday, January 29, 2019

အသက် ၂၅ နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီး အသင်းက စုပေါင်းတံခွန်စိုက် ဆုဖလား ဆွတ်ခူး

အသက် ၂၅ နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင်  မန္တလေးတိုင်းဒေသကြီး အသင်းက စုပေါင်းတံခွန်စိုက် ဆုဖလား ဆွတ်ခူး
-
နေပြည်တော်  ဇန်နဝါရီ  ၂၈ 
-
၂ဝ၁၉  ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်  ၂၅ နှစ်အောက်  ပြေးခုန်ပစ်ပြိုင်ပွဲများကို ယနေ့နံနက်  ၆ နာရီမှ စတင်၍ နေပြည်တော်ရှိဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ကျင်းပသည်။ ယနေ့ပြိုင်ပွဲများအဖြစ်အမျိုးသား/အမျိုးသမီး  မာရသွန်၊ အမျိုးသား သံပြားဝိုင်းပစ်၊ အမျိုးသမီး အလျားခုန်၊  အမျိုးသား/ အမျိုးသမီး မီတာ ၁ဝဝ၊ အမျိုးသား/အမျိုးသမီး မီတာ ၄ဝဝ တန်းကျော်ပြေး၊ အမျိုးသမီး လှံတံပစ်၊ အမျိုးသား သုံးဆင့်ခုန်၊  အမျိုးသား/အမျိုးသမီး မီတာ ၁၅ဝဝ၊  အမျိုးသား/ အမျိုးသမီး  မီတာ(၄ဝဝx ၄) လက်ဆင့်ကမ်း ပြိုင်ပွဲများကို ပွဲစဉ် အလိုက်ယှဉ်ပြိုင်ကစားကြသည်။ 
-
ပြိုင်ပွဲများအပြီး  ဆုပေးပွဲ အခမ်းအနားကို ကျင်းပရာ ပြိုင်ပွဲများအလိုက်  ဆုရရှိသူများအား  ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာဝန် ရှိသူများနှင့် မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်သည်။  
-
အမျိုးသားကြိုးတပ် သံလုံးပစ်ပြိုင်ပွဲတွင် နန္ဒအောင်(မန္တလေး)က ၂ဝ၁၈ ခုနှစ် တိုင်း ဒေသကြီးနှင့် ပြည်နယ်ပြေးခုန် ပစ်ပြိုင်ပွဲတွင် ရရှိခဲ့သော စံချိန် ၄၅ ဒသမ ၄၈ မီတာကို ကျော်လွန်ပြီး ယခုပြိုင်ပွဲတွင်ထပ်မံ၍ စံချိန် ၄၆ ဒသမ ၂၆မီတာဖြင့် စံချိန်သစ်တင်နိုင်ခဲ့ကာ အမျိုးသမီးကြိုးတပ် သံလုံးပစ်ပြိုင်ပွဲတွင်အေးအေးမာ(မန္တလေး)က ၂ဝ၁၈ ခုနှစ်တိုင်း  ဒေသကြီးနှင့်ပြည်နယ် ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲတွင်ရရှိခဲ့သောစံချိန် ၃၇ ဒသမ ဝ၄ မီတာ ကိုကျော်လွန်ပြီး ယခုပြိုင်ပွဲတွင် ထပ်မံ၍ ၄၇ ဒသမ ၄ဝ မီတာဖြင့် စံချိန်သစ်တင်နိုင်ခဲ့ကြပြီး ယင်းဆုများကို အားကစားနှင့်ကာယပညာ ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ဂုဏ် ပြုဆုများ ချီးမြှင့်သည်။ 
-
ယင်းနောက် ရွှေတံဆိပ်သုံးခု၊ ငွေတံဆိပ် ငါးခု၊ ကြေးတံဆိပ်ခြောက်ခုဖြင့် အမျိုးသမီး  တံခွန်စိုက်ဆုဖလား ရရှိခဲ့သော မန္တလေးတိုင်း ဒေသကြီးအသင်း၊ ရွှေတံဆိပ်သုံးခု၊ ငွေတံဆိပ် ရှစ်ခု၊ ကြေးတံဆိပ်သုံးခုဖြင့် အမျိုးသားတံခွန် စိုက်ဆုဖလား ရရှိခဲ့သော စစ်ကိုင်းတိုင်း ဒေသ ကြီးအသင်းနှင့် ရွှေတံဆိပ် ၁၁ ခု၊ ငွေတံဆိပ် ခုနစ်ခု၊ ကြေးတံဆိပ် ကိုးခုဖြင့် စုပေါင်းတံခွန်စိုက်ဆုဖလားရရှိသွားသော မန္တလေးတိုင်း ဒေသကြီးအသင်းအား ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ  မြလေးစိန်က  ဆုများအသီးသီးပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment