Pages

▼

Tuesday, January 29, 2019

မုံရွာစက်မှုဇုန် အတွင်း ပါဝင်သော မြေယာများအတွက် တောင်သူများထံ မြေယာလျော်ကြေးငွေ ပေးအပ်

-
ရွှေဘို  ဇန်နဝါရီ  ၂၈ 
-
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ မုံရွာစက်မှုဇုန်ခွဲ(ရွှေဘို) စက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက မုံရွာစက်မှုဇုန်အတွင်း ပါဝင်သောမြေယာများ အတွက် တောင်သူများထံ မြေယာလျော်ကြေးငွေ ပေးအပ်ပွဲ ကျင်းပသည်။ 
-
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က မုံရွာစက်မှုဇုန်ခွဲ(ရွှေဘို)ကို ကွင်းလေးကွင်းရှိ မြေဧရိယာ ၂၈၈ ဒသမ ၁၂၂ ဧကပေါ်၌ ၂ဝဝ၂ ခုနှစ် ဇန်နဝါရီ ၂၈ ရက်က စတင်တည်ထောင်ခဲ့ပြီး မြေကွက် ၃၅၁ ကွက် ဖော်ထုတ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ယခုအခါ အဆိုပါစက်မှုဇုန်တွင် လုပ်ငန်းပေါင်း ၁၈၆ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုငွေ ကျပ်သန်း ၁ဝ၇၈၃ ဒသမ ၃ဝ ရှိကာ လုပ်သားဦးရေ ၁ဝဝဝ ကျော်ကို အလုပ်အကိုင် ပေးထားနိုင်ကြောင်း၊စက်မှုဇုန်အတွင်း ပါဝင်သော မြေယာများအတွက်  မြေယာသိမ်းဆည်းခံ တောင်သူများထံ သင့်လျော်သော လျော်ကြေးငွေပေးအပ်နိုင်ရေး အတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီများ၊စက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ မြေယာသိမ်းဆည်းခံ တောင်သူများနှင့် ညှိနှိုင်း၍ လယ်တစ်ဧကလျှင်  ငွေကျပ်သိန်း  ၅ဝ ၊ ယာတစ်ဧကလျှင် ငွေကျပ်သိန်း ၃ဝ  ဖြင့် သဘောတူညီမှု ရရှိခဲ့ကြောင်း ပြောကြားသည်။ 
-
ဆက်လက်၍ စစ်ကိုင်းတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က စက်မှုဇုန် သိမ်းဆည်းရာတွင် လျော်ကြေးငွေ ပေးရန် ကျန်ရှိနေသော လယ်ယာမြေဧရိယာ ၆၉ ဒသမ ၇၇ ဧကတွင် ပါဝင်သည့်  တောင်သူ ၃၂ ဦး၏ လယ်မြေ  ၅ဝ ဒသမ ၂ဝ ဧကအတွက် လျော်ကြေးငွေကျပ် ၂၅၁ဝ သိန်းကို လည်းကောင်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမိုးကျော်သူက ယာမြေ ၁၉ ဒသမ ၅၇ ဧကအတွက် လျော်ကြေးငွေကျပ် ၅၈၇ ဒသမ ၁ သိန်းကို လည်းကောင်း တောင်သူများထံ ပေးအပ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment