Pages

Thursday, January 24, 2019

ရိုးရာလက်မှု ထုတ်ကုန်လုပ်ငန်းတွင် လူငယ်များ ဝင်ရောက် လုပ်ကိုင်မှု နည်းပါးလာ

ရိုးရာလက်မှု ထုတ်ကုန်လုပ်ငန်းတွင် လူငယ်များ ဝင်ရောက် လုပ်ကိုင်မှု နည်းပါးလာ
-
ရန်ကုန် ဇန်နဝါရီ ၂၃
-
ရိုးရာလက်မှု ထုတ်ကုန်များထုတ်လုပ်သည့် လုပ်ငန်းတွင် လူငယ်များ ဝင်ရောက်လုပ်ကိုင်မှု နည်းပါးလာကာ လုပ်သားအခက်အခဲရှိနေသဖြင့် တာဝန်ရှိသူများက ပံ့ပိုးပေးရန် လိုအပ်ကြောင်းမြန်မာလက်မှု အနုပညာအသင်းဥက္ကဋ္ဌ ဦးသာဓုထံမှ သိရသည်။
-
''ရိုးရာလက်မှု ထုတ်ကုန်လုပ်ငန်းမှာ လူငယ်တွေ ဝင်ရောက်လုပ်ကိုင်တာ နည်းပါးတဲ့အတွက် လုပ်သား အခက်အခဲရှိတယ်။ လက်မှုအနုပညာကို စိတ်ဝင်စားတဲ့ မျိုးဆက်သစ် လူငယ်တွေလိုအပ်ချက် ရှိနေတယ်။ လက်မှုအနုပညာ ကဏ္ဍတွေမှာ လူငယ်တွေ စိတ်ပါဝင်စားလာဖို့ သင်တန်းကျောင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ပြီး အတွေ့အကြုံရှိတဲ့လူတွေကလည်းအတွေ့အကြုံတွေကို ဝေမျှရင် လူငယ်တွေ စိတ်ဝင်စားမှု မြင့်တက်လာမှာပါ''ဟု ဦးသာဓုက ပြောသည်။
-
ယခုအခါ လက်မှုလုပ်ငန်းများအား စိတ်ဝင်စားမှု နည်းပါးလာသည့် လူငယ်များအတွက် လက်မှုသင်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားရန် လိုအပ်နေကြောင်း သိရသည်။ လက်မှုထုတ်ကုန်များထုတ်လုပ်သည့် ပညာရှင်များ အနေဖြင့်လည်း မိမိတို့ လုပ်ငန်းများကို ဂုဏ်ယူစွာ လုပ်ကိုင်ရန် လိုအပ်ကြောင်း မြန်မာလက်မှု အနုပညာအသင်းမှ အတွင်းရေးမှူး ဦးစိုးမိုးအောင်က ပြောသည်။
-
''လက်မှုအနုပညာနဲ့ ပတ်သက်လို့ ဖိနပ်လုပ်ငန်းမှ မဟုတ်ဘူး။ ဘယ်လုပ်ငန်းမဆို မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းပေးဖို့ လိုအပ်ပါတယ်။ လက်မှုပညာနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေကိုယုံကြည်ချက်နဲ့လုပ်ရင် ထုတ်ကုန်ပစ္စည်းတွေ ကောင်းမွန်လာနိုင်ပြီး လူတန်းစေ့နေနိုင်တဲ့ ဝင်ငွေရလာတယ်ဆိုတာ သိစေချင်တယ်။ လက်မှုအတတ်ပညာကြောင့် ဘဝကို တင့်တယ်စွာနေထိုင်နိုင်တယ်ဆိုတဲ့ အသိပေးနိုင်ဖို့ လိုအပ်ပါတယ်'' ဟု ဦးစိုးမိုးအောင်က ပြောသည်။
-
ထိုသို့ ဖြစ်ပေါ်စေရေး ဈေးကွက်သစ်များ ရရှိရန်လိုအပ်ကာ ဈေးကွက်ပိုမိုကောင်းမွန်လာပါက လက်မှုထုတ်ကုန်ကဏ္ဍ ပိုမို တိုးတက်လာမည် ဖြစ်ကြောင်းသိရသည်။
-
နေနေ
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment