Pages

Thursday, January 24, 2019

ရန်ကုန်စီးပွားရေး တက္ကသိုလ်ရှိ ကျောင်းသား ကျောင်းသူများကို အလုပ်အကိုင် အခွင့်အလမ်းများ ချိတ်ဆက်ပေး

ရန်ကုန်စီးပွားရေး တက္ကသိုလ်ရှိ ကျောင်းသား ကျောင်းသူများကို အလုပ်အကိုင် အခွင့်အလမ်းများ ချိတ်ဆက်ပေး
-
ရန်ကုန် ဇန်နဝါရီ ၂၃ 
-
ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ Paukphaw Scholarship ရရှိထားသော ကျောင်းသား၊ ကျောင်းသူများကို အလုပ်အကိုင် အခွင့်အလမ်းများဖြင့် ချိတ်ဆက်ပေးရန် Paukphaw Job Fair 2019 ကို ယမန်နေ့က ရန်ကုန်စီးပွားရေး တက္ကသိုလ်၌ ကျင်းပသည်။ ''ရန်ကုန်စီးပွားရေး တက္ကသိုလ်က ကျောင်းသား၊ ကျောင်းသူ ဦးရေ ၂ဝဝ အတွက် Paukphaw Scholarship ပေးထားတယ်။ Scholarship ရထားပြီး ကျောင်းပြီးသွားတဲ့ သူတွေကို အလုပ်အကိုင်အခွင့်အလမ်း ချိတ်ဆက်ပေးတာပါ။ ဘွဲ့ရသွားတဲ့ ကျောင်းသား၊ ကျောင်းသူ ၂၅ ဦးရှိတယ်။ ၂၅ ဦးစလုံးကို အလုပ်ရအောင်ချိတ်ဆက်ပေးပါတယ်။ ကျောင်းပြီးတာနဲ့ အချိန်တွေ မလစ်ဟင်းအောင်၊ အလုပ်နဲ့တန်းပြီး ထိတွေ့အောင် အခုလို ဆောင်ရွက်ပေးတာပါ'' ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနီလာမြင့်ထူးက ပြောသည်။ 
-
ယခုကဲ့သို့ အလုပ်အကိုင်များဖြင့် ချိတ်ဆက်ပေးခြင်းကို တရုတ်နိုင်ငံဆိုင်ရာ ဆင်းရဲနွမ်းပါး လျှော့ချရေး ဖောင်ဒေးရှင်း ( မြန်မာနိုင်ငံရုံး)က ပံ့ပိုးပေးခြင်း ဖြစ်သည်။ အဆိုပါ ကျောင်းသားများကို CITIC Company၊ Wanbao Company၊ ICBC Company စသည့် ကုမ္ပဏီတို့ဖြင့် ချိတ်ဆက်ပေးပြီး ခေါ်ယူမည့်အလုပ် အမျိုးအစားများမှာ Admin Manager၊ PR Manager၊ Finance Manager၊ Admin Supervisor နှင့် Commercial ပိုင်း စသည်တို့ ဖြစ်ကြောင်း သိရသည်။ 
-
''ခေါ်တဲ့အလုပ်တာဝန်ပိုင်းက မြင့်ပေမယ့် အတွေ့အကြုံမလိုပါဘူး။ ကုမ္ပဏီမှာ သင်တန်းတွေပေးမယ့် အစီအစဉ်တွေရှိပါတယ်။ သင်တန်းပေးပြီးမှ အလုပ်ထဲဝင်ရမှာပါ'' ဟု Wanbao Company မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိတွင် ဒဂုံတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်တို့မှ ကျောင်းသား၊ ကျောင်းသူ ၆ဝဝ၊ ရခိုင်ပြည်နယ်မှ ကျောင်းသား၊ ကျောင်းသူ ၁ဝဝ၊ မန္တလေးတိုင်းဒေသကြီးမှ ကျောင်းသား၊ ကျောင်းသူ ၅ဝဝ တို့ကို တရုတ်နိုင်ငံဆိုင်ရာ ဆင်းရဲနွမ်းပါးလျှော့ချရေး ဖောင်ဒေးရှင်းမှ ပညာသင်စရိတ် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။ 
-
ယင်းကဲ့သို့ ထောက်ပံ့ရာတွင် ပညာသင်ယူရာ၌ ငွေကြေးအတွက် ဝန်ထုပ်ဝန်ပိုး မရှိစေဘဲ တက္ကသိုလ်ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ယူစေလိုသော ရည်ရွယ်ချက်ဖြင့် ပညာသင်စရိတ် တစ်နှစ်အတွက် ကျောင်းသားတစ်ဦးလျှင် ငွေကျပ်သုံးသိန်းစီဖြင့် လေးနှစ် ထောက်ပံ့ ပေးလျက်ရှိကြောင်းသိရသည်။ 
-
တရုတ်နိုင်ငံဆိုင်ရာ ဆင်းရဲနွမ်းပါး လျှော့ချရေး ဖောင်ဒေးရှင်း (မြန်မာနိုင်ငံရုံး) သည် ပထမဆုံးပြည်ပရုံးခွဲ တစ်ခုဖြစ်ပြီး တရားဝင် အဖွဲ့အစည်း မှတ်ပုံတင်ကို ရရှိထားသော နိုင်ငံတကာအဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း သိရသည်။ 
-
ကျော်ကို
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment