Pages

Wednesday, January 30, 2019

မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ် မောတောင်မြို့ သွားရာလမ်း ထုံခါ-မောတောင်လမ်းပိုင်း ဆောင်ရွက်နေမှု ၉၃ ရာခိုင်နှုန်း ပြီးစီး

မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ် မောတောင်မြို့ သွားရာလမ်း ထုံခါ-မောတောင်လမ်းပိုင်း ဆောင်ရွက်နေမှု ၉၃ ရာခိုင်နှုန်း ပြီးစီး
-
တနင်္သာရီ  ဇန်နဝါရီ  ၂၉  
-
ဒေသအတွင်း စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရေးနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ မြိတ်အများပိုင် ကော်ပိုရေးရှင်း လီမိတက်က ဆောင်ရွက်လျက် ရှိသော တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် အတွင်းရှိ  မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ် မောတောင်မြို့သွား လမ်းအပိုင်းဖြစ်သည့် ထုံခါ-မောတောင်လမ်း အပိုင်းလုပ်ငန်းဆောင်ရွက်နေမှုမှာ ယခုအခါ ၉၃ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ 
-
''ထုံခါ-မောတောင်   လမ်းအပိုင်းကို ကျွန်တော်တို့ ကုမ္ပဏီက တာဝန်ယူပြီး BOT စနစ်နဲ့ ၂ဝ၁၃ ခုနှစ်ကစပြီး ဖောက်လုပ်တာပါ။  လမ်းအရှည်က ၄၈ မိုင် ၆ ဖာလုံ၊ အကျယ် ၂၄ ပေ ရှိပါတယ်။ အရင်ကသစ်ထုတ်တဲ့ လမ်းကျဉ်းလေးကနေပြီးတော့ နယ်စပ်ဂိတ်ဖြစ်နိုင်တဲ့ လမ်းအဖြစ်  ဆောင်ရွက်နေတာ အခုဆိုရင် ဒီလမ်းက ၉၃ ရာခိုင်နှုန်း ပြီးစီးနေပါပြီ။အချောသပ်ရမယ့် အပိုင်းအနေနဲ့ကျန်ပါသေးတယ်။ ဖေဖော်ဝါရီလအတွင်း အားလုံး ပြီးစီးလိမ့်မယ်လို့  ခန့်မှန်းထားပါတယ်။ ဒီလမ်းပြီးသွားရင် BOT စနစ်နဲ့ လုပ်ထားတာကြောင့် တိုးဂိတ်နှစ်ခု ဆောက်လုပ်မှာဖြစ်ပြီး တိုးဂိတ်အမှတ်(၁)ကတော့ မြိတ်ကနေလာရင် ထုံခါလမ်းဆုံအလွန် ချောင်းနှစ်ပေါက် တံတားအနီး တစ်ခုနဲ့  တိုးဂိတ်အမှတ်(၂)ကတော့ မောတောင်မြို့ အမှတ်(၁)ရပ်ကွက် တံတားအနီးမှာ တစ်ခုဆောက်လုပ်သွားပါမယ်။ ဒီလမ်းပြီးသွားရင် ဒေသအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာမှာဖြစ်ပါတယ်။ ဒီလမ်းမကြီးကနေတစ်ဆင့်  ထိုင်းနိုင်ငံရဲ့ အဓိက ငါးဈေးကွက် မဟာချိုင်ကို ရေထွက်ကုန်ပစ္စည်းတွေ တင်ပို့နိုင်မှာဖြစ်ပါတယ်။  နှစ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမယ်။လမ်းပြီးသွားရင်တရားဝင်ဂိတ်အဖြစ် ထိုင်းနိုင်ငံနဲ့ လုပ်မယ့် ဝင်ပေါက်၊ ထွက်ပေါက်အနေနဲ့  နယ်စပ် ကုန်သွယ်ရေး စခန်းတစ်ခုကို ကျွန်တော်တို့က အမြဲတမ်းဂိတ် အနေနဲ့ ဖွင့်ဖို့ကြိုးစားနေပါတယ်''ဟု   မြိတ်အများပိုင် ကော်ပိုရေးရှင်း လီမိတက်မှ မောတောင်-ထုံခါလမ်းစီမံကိန်း ဒါရိုက်တာ ဦးသန်းလွင် ကပြောသည်။ 
-
အဆိုပါလမ်းပိုင်းမှာ  မြန်မာ-ထိုင်း နယ်စပ် ကုန်သွယ်ရေးအတွက်အဓိကကျသည့်လမ်းဖြစ်သောကြောင့် ထုံခါကျေးရွာမှ မောတောင်မြို့အထိ ၄၈ မိုင် ၆ ဖာလုံကို မြိတ်အများပိုင်ကော်ပိုရေးရှင်းမှ တာဝန်ယူကာ ထိုင်းနိုင်ငံက ပညာရှင်များနှင့် လမ်းခင်းသည့် အပိုင်းများကိုပူးတွဲ လုပ်ဆောင်နေခြင်းဖြစ်သည်။ 
-
မိုးတွင်းကာလတွင်  မောတောင်ငယ် တောင်ကြောတစ်လျှောက်  မြေပြိုမှုများ ဖြစ်ပွားလေ့ရှိသောကြောင့်  တောင်ကြော တစ်လျှောက်တွင် ကွန်ကရစ်လမ်း ခင်းထားကြောင်းနှင့် မြိတ်မြို့မှ ၁၂၃ မိုင် ကွာဝေးသည့် မြန်မာ-ထိုင်းနယ်စပ်  မောတောင်မြို့သို့ သုံးနာရီကြာ ခရီးဖြင့် သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment