Pages

Tuesday, January 29, 2019

နယ်စပ်ဒေသ အသီးသီးမှ လေ့လာရေးအဖွဲ့ဝင်များ ဆဋ္ဌမအကြိမ်မြောက် နေပြည်တော်နှင့် ပတ်ဝန်းကျင် လေ့လာရေး ခရီးစတင်

နယ်စပ်ဒေသ အသီးသီးမှ လေ့လာရေးအဖွဲ့ဝင်များ ဆဋ္ဌမအကြိမ်မြောက် နေပြည်တော်နှင့် ပတ်ဝန်းကျင် လေ့လာရေး ခရီးစတင်
-
နေပြည်တော်  ဇန်နဝါရီ  ၂၈ 
-
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ချမှတ်ထား သောမူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များနှင့်အညီ  နယ်စပ်ဒေသအသီးသီးမှ လူငယ်မောင်မယ်များကို နှစ်စဉ်ဖိတ်ကြား ခေါ်ယူ၍ လေ့လာရေးခရီးစဉ်များ စီစဉ် ဆောင်ရွက်ပေးခဲ့ရာ ဇန်နဝါရီ ၂၈ ရက်မှ ၃၁ ရက်အထိ နေပြည်တော်နှင့် ပတ်ဝန်းကျင်သို့ လေ့လာရေးခရီးစဉ် ရောက်ရှိလာကြသည့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လဟယ်၊ နန်းယွန်းဒေသမှ လူငယ်မောင်မယ် ၃ဝ ဦး၊ မွန်ပြည်နယ် သထုံ၊ ချောင်းဆုံဒေသမှ လူငယ်မောင်မယ်  ၃ဝ ဦး၊ ကချင်ပြည်နယ် မိုးကောင်း၊မိုးညှင်းဒေသမှ  လူငယ်မောင်မယ် ၃ဝ ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး၊ ကွတ်ခိုင်၊ သီပေါဒေသမှ  လူငယ်မောင်မယ်  ၃ဝ  ဦး၊ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီ၊ ထားဝယ်ဒေသမှ  လူငယ်မောင်မယ် ၃ဝ ဦး  စုစုပေါင်း လူငယ်မောင်မယ် ၁၅ဝ ဦးတို့သည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်(ဗုဒ္ဓဂယာ)သို့ သွားရောက်ဖူးမြော်ကြည်ညိုကြရာ  ဂေါပကအဖွဲ့က လိုက်လံရှင်းလင်းပြသပြီးလေ့လာရေးအဖွဲ့များမှ အလှူငွေများ ထည့်ဝင်လှူဒါန်းကြသည်။
-
ထိုမှတစ်ဆင့် လေ့လာရေး အဖွဲ့ဝင်များသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေး သုတေသနဦးစီးဌာန ရေဆင်းသို့ သွားရောက်ကြည့်ရှု လေ့လာကြရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက စိုက်ပျိုးရေး သုတေသန ဦးစီးဌာန ပေါ်ထွန်းလာပုံကို Video  Projector ဖြင့် ရှင်းလင်းပြသသည်။ ထို့နောက် လေ့လာရေးအဖွဲ့ ခေါင်းဆောင်က ကျေးဇူးတင်စကား ပြောကြားပြီး တာဝန်ရှိသူများက အဆင့်မြင့် နည်းပညာဖြင့် မြေလွှာမဲ့ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးဖြစ်ထွန်းနေမှုများ၊ စိုက်ပျိုးရေး သုတေသနမျိုးစေ့များ အကြောင်း လိုက်လံရှင်းလင်းပြသပြီး လေ့လာရေးအဖွဲ့ဝင်များက သိရှိလိုသည်များ မေးမြန်းကြသည်။
-
ယင်းနောက် လေ့လာရေးအဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် တိရစ္ဆာန်ဥယျာဉ်နှင့် ဆာဖာရီဥယျာဉ်တို့သို့ သွားရောက်လေ့လာကြသည်။ နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် နယ်စပ်ဒေသအသီးသီးမှလူငယ်မောင်မယ်များအား ဖိတ်ခေါ်၍ လေ့လာရေး ခရီးစဉ်များ စီစဉ် ဆောင်ရွက်ပေးရသည့် အဓိက ရည်ရွယ်ချက်မှာ တစ်အူထုံ့ဆင်း ညီရင်းအစ်ကို မောင်ရင်းနှမများပမာ  ကောင်းမွန်မှန်ကန်သောခံယူချက်ဖြင့် ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး စိတ်ဓာတ်များ ရှင်သန်ခိုင်မာလာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုများကို မျက်ဝါးထင်ထင် လေ့လာတွေ့ရှိပြီး လေ့လာရေးခရီးစဉ်မှ ရရှိသည့် အတွေ့အကြုံကောင်းများကို မိမိတို့နယ်စပ် ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊  လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်ထိရောက်စွာ ပြန်လည်အသုံးချနိုင်ရန် ဟူသော ရည်ရွယ်ချက်များဖြင့် စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment