Pages

Tuesday, January 22, 2019

ရန်ကုန်မြို့ပတ် ရထားလမ်း ရှေ့ဘက်ခြမ်းနှင့် နောက်ဘက်ခြမ်း တစ်ပြိုင်တည်း အဆင့်မြှင့်တင်ချိန်ဖြစ်၍ ရထားစီးခရီးသည် လျော့နည်းလာ

ရန်ကုန်မြို့ပတ် ရထားလမ်း ရှေ့ဘက်ခြမ်းနှင့် နောက်ဘက်ခြမ်း တစ်ပြိုင်တည်း အဆင့်မြှင့်တင်ချိန်ဖြစ်၍ ရထားစီးခရီးသည် လျော့နည်းလာ
-
ရန်ကုန် ဇန်နဝါရီ ၂၁ 
-
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း ရှေ့ဘက်ခြမ်းနှင့် နောက်ဘက်ခြမ်းကို တစ်ပြိုင်တည်း အဆင့်မြှင့် တင်ချိန်ဖြစ်၍ ရထားစီး ခရီးသည် ယခင်ကထက် လျော့နည်းလာပြီး တစ်နေ့လျှင် ခြောက်သောင်းခန့်သာ စီးနင်းကြောင်း မြန်မာ့မီးရထားတိုင်း (၇) လက်ထောက်မန်နေဂျာ ဦးကျော်မျိုးလွင်ထံမှ သိရသည်။ မြန်မာ့မီးရထားအနေဖြင့် ခရီးသည်များ အဆင်ပြေစွာ သွားလာနိုင်ရန် ရထားလမ်း အဆင့်မြှင့်တင်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခင်က တစ်နေ့လျှင် ခရီးသည် ကိုးသောင်းခန့် စီးနင်းရာမှ နောက်ဘက်ခြမ်း အဆင့်မြှင့်တင်ချိန်တွင် ရှစ်သောင်းခန့်၊ ယခု ရှေ့ဘက်ခြမ်းနှင့် နောက်ဘက်ခြမ်းကို တစ်ပြိုင်တည်း အဆင့်မြှင့်တင်ချိန်တွင် တစ်လမ်းသွားသာ မောင်းနှင်ရသဖြင့် ခရီးသွား ခြောက်သောင်းခန့်သာ စီးနင်းလျက် ရှိကြောင်း သိရသည်။
-
''တညင်းကုန်း-အင်းစိန်လမ်းပိုင်း စမပြင်ခင်က တစ်နေ့ကို ခရီးသည် ကိုးသောင်းလောက်ရှိတယ်။ တညင်းကုန်း-အင်းစိန်လမ်း ပိုင်းပြင်လိုက်တဲ့ အချိန်မှာ ခရီးသည် တစ်သောင်းခွဲလောက် လျော့သွားတယ်။ အခုထပ်ပြီး ရှေ့ဘက်ခြမ်းပြုပြင်တဲ့ အချိန်မှာ ခရီးသွားက ပိုတောင်လျော့သွားတယ်။ လက်ရှိရထားစီး ခရီးသည်က ခြောက်သောင်းဝန်းကျင်လောက်ရှိတယ်။ များတဲ့နေ့ဆိုရင် ခြောက်သောင်းခွဲ လောက်ရှိတယ်''ဟု ဦးကျော်မျိုးလွင်က ပြောသည်။ 
-
မြန်မာ့မီးရထား အနေဖြင့် ၂ဝ၁၈ ခုနှစ်ဒီဇင်ဘာ ၁ ရက်မှစ၍ မြို့ပတ် နောက်ဘက်ခြမ်း ဖြစ်သည့် အင်းစိန်-ကြည့်မြင်တိုင် လမ်းပိုင်းနှင့် မြို့ပတ်ရှေ့ဘက်ခြမ်း ဖြစ်သည့် တညင်းကုန်း- မင်္ဂလာဒုံ-ပုရွက်ဆိတ်ကုန်း လမ်းပိုင်း အဆင့်မြှင့်တင်မှု လုပ်ငန်းများကို တစ်ပြိုင်တည်း ဆောင်ရွက်ရာ ၂ဝ၁၉ ခုနှစ် အောက်တိုဘာလတွင် ပြီးစီးရန် မျှော်မှန်းထားကြောင်း သိရသည်။ 
-
''လမ်းပိုင်းပြင်တာက လောလောဆယ် အခက်အခဲရှိတယ်။ ဒါပေမဲ့ အခြေအနေကောင်း တစ်ခုရောက်အောင် အဲဒီလိုမလုပ်လို့မရဘူး။ တတ်နိုင်သမျှ အကောင်းဆုံး ဖြစ်အောင် ဒီလုပ်ငန်းကို အားကြိုးမာန်တက် လုပ်နေပါတယ်။ အခုလို အခက်အခဲလေး တွေရှိတဲ့အတွက် ခရီးသည်တွေကိုလည်း အားနာတယ်။ တစ်ခါတလေ ရထားဆုံတာ တွေရှိတယ်။ နဂိုကနှစ်လမ်းသွားကနေအခုတစ်လမ်းသွားဆိုတော့ ဟိုဘက်၊ ဒီဘက်ရထားက ဆုံလို့ရတဲ့ ဘူတာမှာ ဆုံတယ်။ ကြည့်မြင်တိုင် ဘူတာမှာ ဆုံတယ်၊ အင်းစိန်ဘူတာမှာ ဆုံတယ်။ အဲဒီကြားထဲမှာ နောက်တစ်ဘူတာဆုံလို့ရတဲ့ သီရိမြိုင်ဘူတာ ဖွင့်ထားတယ်။ တစ်စင်းသွားရင် တစ်စင်းရပ် စောင့်နေရတဲ့ အခြေအနေဆိုတော့ ခရီးသည်တွေက နည်းနည်း စိတ်ပျက်ညည်းညူ ကြတယ်။ မလွှဲသာ မရှောင်သာရှိတဲ့အပိုင်းမှာ သည်းခံနားလည်ပေးတဲ့ ခရီးသည်တွေကို ကျေးဇူးတင်ပါတယ်'' ဟု ဦးကျော်မျိုးလွင်က ပြောသည်။ 
-
ထိုသို့ လမ်းပိုင်းနှစ်ခုကို တစ်ပြိုင်တည်း ပြုပြင်ဆောင်ရွက်မည်ဖြစ်၍ ရုံးတက်ရုံးဆင်းချိန် ရထားများ ပုံမှန်ပြေးဆွဲနိုင်ရေး၊ ရထားပြေးဆွဲခြင်း လျော့နည်းမှု အနည်းဆုံးဖြစ်စေရေး၊ Public Transportation အကောင်းဆုံး ဖြစ်စေရေး တို့အတွက် အင်းစိန်- ကြည့်မြင်တိုင်ကြား၌ လှည်းတန်း၊ သီရိမြိုင်၊ သမိုင်းဘူတာများနှင့် တညင်းကုန်း-မင်္ဂလာဒုံ ဘူတာကြား၌ ကျိုက္ကလဲ့ဘူတာတို့ကို ရုံပိုင်အဖြစ် ယာယီသတ်မှတ်ထားသည်။ 
-
ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ အားလုံးပြီးစီးပါက ရထားအသစ်များဖြင့် မြန်နှုန်းမြင့်ပြေးဆွဲမည်ဖြစ်ပြီး စီးနင်းလိုက်ပါသည့် ခရီးသွားလည်း ပိုမိုများပြားလာမည် ဖြစ်သည်။ မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်မြို့ပတ်လမ်းပိုင်း တစ်ခုလုံး အဆင့်မြှင့်တင်မှုကို ၂ဝ၂၂ ခုနှစ်တွင် အပြီးဆောင်ရွက်မည် ဖြစ်ပြီး အချက်ပြစနစ် အဆင့်မြှင်တင်ခြင်းများကိုလည်းဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ -
ဆုလာဘ်
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment