Pages

Wednesday, January 2, 2019

ပလင်းကမ်းသာယာ ဆင်စခန်း၌ နှစ်သစ်ကူးရုံး ပိတ်ရက် လာရောက်လေ့လာ လည်ပတ်သူများဖြင့် စည်ကား

-
ညောင်ဦး   ဇန်နဝါရီ   ၁ 
-
ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပလင်းကျေးရွာအနီး၌ ဖွင့်လှစ်ထားရှိသော ပလင်းကမ်းသာယာ ဆင်စခန်းသို့ နှစ်သစ်ကူးရုံးပိတ်ရက်အတွင်း လာရောက်လေ့လာသူများနှင့်စည်ကားလျက် ရှိကြောင်း သိရသည်။ အဆိုပါ ဆင်စခန်းသည် ညောင်ဦးမြို့မှ ၅ မိုင်အကွာ မြင်းခြံ-ပခုက္ကူ ကားလမ်းမကြီးဘေး ပလင်းကျေးရွာ အနောက်ဘက် ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိပြီး  ဆင်စခန်းဝင်းတွင်   ဆင်ရှစ်ကောင်ရှိကြောင်း ဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကိုထံမှ သိရသည်။ 
-
မြန်မာ့သစ်လုပ်ငန်းမှ ဆင်ထိန်းသိမ်းရေး ခရီးသွားအခြေပြု လုပ်ငန်းအဖြစ်   ဆင်စခန်းများ  ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်ကာ ခရီးသွား ဧည့်သည်များ စိတ်အေးချမ်းသာစွာ အနားယူနိုင်ရန်နှင့် ဆင်များနှင့်အနီးကပ် ထိတွေ့ခံစားစေနိုင်ပြီး ဆင်များ၏ သဘောသဘာဝကို ဆင်ချစ်သူများ လေ့လာနိုင်စေရန် သယံဇာတနှင့်  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ရည်ရွယ်ဖွင့်လှစ်ထားခြင်းဖြစ်သည်။
-
ယင်းဆင်စခန်းသည်   ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်နှင့် နီးသောကြောင့် ပြည်တွင်းခရီးသွားများသာမက   ပြည်ပဧည့်သည်များပါ   လာရောက်လေ့လာကြကြောင်း၊  နှစ်သစ်ကူး ရုံးပိတ်ရက်အတွင်း 

ပြည်တွင်းခရီးသွား ၁၈၅ဝ ကျော်နှင့် ပြည်ပခရီးသွား  ၂၇  ဦး လာရောက်လေ့လာကြကြောင်းနှင့် ဆင်စခန်းဝင်းအတွင်းသို့ ရဟန်းသံဃာများ၊ သီလရှင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကလေးငယ်များကိုဝင်ကြေးကောက်ခံခြင်း မရှိဘဲ ပြည်ပဧည့်သည်များ အနေဖြင့်  ဆင်စီးခငွေကျပ် ၁ဝဝဝဝ၊ ပြည်တွင်းခရီးသွားများ ဆင်စီးခငွေကျပ် ၅ဝဝဝ၊ ဆင်စာတစ်ပွဲ ငွေကျပ် ၁ဝဝဝ သတ်မှတ်ကြောင်း သိရသည်။
-
နှစ်သစ်ကူး ရုံးပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ အများဆုံး လာရောက်ကြပြီး  ဆင်စခန်းဝင်းအတွင်းရှိ ကလေးကစားကွင်း၌  ဆင်လေ့လာသူ၊ ကလေး ကစားကွင်းကစားသူ၊  ဧရာဝတီမြစ်ကမ်းဘေး ဓာတ်ပုံရိုက်သူ၊ ဆင်များ၏ ကိုယ်ရေးရာဇဝင် ဆိုင်းဘုတ်ဖတ်သူ၊ ဆင်အရိုးစုပြတိုက် လေ့လာသူများဖြင့် ပလင်းကမ်းသာယာ ဆင်စခန်းဝင်းအတွင်း အထူးစည်ကားခဲ့သည်။ ထို့ပြင် ဆင်များအတွက် ဆင်ဆရာဝန် ထားရှိပေးခြင်း၊  ခရီးသွားများ နားနေနိုင်ရန် ခြေတံရှည်တဲများ ဆောက်လုပ်ပေးထားခြင်းနှင့် သစ်ပင်များ၌ ပုဂံဒေသထွက်ရိုးရာ အရုပ်များ ချိတ်ဆွဲပေးထားကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment