Pages

Wednesday, January 2, 2019

ဖုန်ကန် ရာဇီ ရေခဲတောင်ပေါ်သို့ မိတ္ထီလာ ခြေလျင်နှင့် တောင်တက်အဖွဲ့ တက်ရောက်မည်

ဖုန်ကန် ရာဇီ ရေခဲတောင်ပေါ်သို့  မိတ္ထီလာ ခြေလျင်နှင့် တောင်တက်အဖွဲ့ တက်ရောက်မည်
-
မိတ္ထီလာ  ဇန်နဝါရီ  ၁  
-
မိတ္ထီလာခြေလျင်နှင့်   တောင်တက်အဖွဲ့သည် ရွာငံမြို့နယ် အတွင်းရှိ အရှေ့မြင် အနောက်မြင်တောင်နှင့် ဟိုပုံးမြို့နယ် အတွင်းရှိ  မဲနယ်တောင် တောင်တက်ခရီးစဉ်နှစ်ခု တက်ရောက်ပြီးပါက ပူတာအိုမြို့နယ်အတွင်းရှိ ဖုန်ကန်ရာဇီရေခဲ တောင်ပေါ်အမြင့်ပေ ၁၁၉၂ ပေသို့  တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။  ''မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့ရဲ့ တစ်နှစ်တာနောက်ဆုံး တောင်တက်ခရီးစဉ်တွေအဖြစ် ရွာငံမြို့နယ်အတွင်း မှာရှိတဲ့ အရှေ့မြင် အနောက်မြင်တောင် အမြင့် ၇၇၅၂ ပေကို ဇန်နဝါရီ ၅ ရက်မှာ တက်ရောက်မှာဖြစ်ပါတယ်။ 
-
ဖေဖော်ဝါရီလထဲမှာ   ဟိုပုံးမြို့နယ် အတွင်းက မဲနယ်တောင်တန်းဒေသရှိ အမြင့်ပေ ၈ဝဝဝ ခန့်ရှိတဲ့ လွယ်မိုင်းတောင် ပေါ်ကို  တက်ရောက်မှာဖြစ်ပါတယ်။ အရှေ့မြင် အနောက်မြင်တောင်နဲ့ မဲနယ်တောင်  တောင်တက်ခရီးစဉ်နှစ်ခု တက် ရောက်ပြီးရင် ပူတာအိုမြို့နယ် အတွင်းမှာရှိတဲ့ ဖုန်ကန်ရာဇီရေခဲတောင် အမြင့်ပေ ၁၁၉၂ ပေကို တက်ရောက်မှာဖြစ် ပါတယ်'' ဟု မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့မှ ဖုန်ကန်ရာဇီရေခဲတောင်တက်ခရီးအတွေ့အကြုံရှိသူ ဒေါက်တာ မြတ်မင်းက ပြောသည်။ 
-
မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့၏ တောင်တက်ခရီးစဉ်များကို United Pharma ကုမ္ပဏီက ပံ့ပိုးကူညီလျက်ရှိပြီး   ဖုန်ကန် ရာဇီ ရေခဲတောင် တောင်တက်ခရီးစဉ်အတွက်လည်း အထူးပံ့ပိုးကူညီမည်ဖြစ်သည်။ မိတ္ထီလာခြေလျင် နှင့် တောင်တက်အဖွဲ့၏  အဓိကဆောင်ပုဒ်မှာ  သဘာဝ ပတ်ဝန်းကျင်ကိုချစ်မြတ်နိုးပါ၊ တောင်တက်ခရီးစဉ်တိုင်းတွင် မိမိတို့ အဖွဲ့က  မည်သည့်အမှိုက်မျိုးကိုမှ စွန့်ပစ်ခဲ့ခြင်းမရှိစေရတို့ဖြစ်သည်။ တောင်တက် ခရီးစဉ်တိုင်းတွင် အဖွဲ့ဝင်တိုင်း အရက်သေစာ မူးယစ်သောက်စား ခြင်းမပြုရန် အဓိကတားမြစ်ထားပြီး တားမြစ်ချက်ကို မလိုက်နာပါက တောင်တက် အဖွဲ့ဝင် အဖြစ်မှ   အမြဲတမ်းထုတ်ပယ်မည်ဖြစ်သည်။ 
-
တောင်တက်ခရီးစဉ်သွားရောက်သည့်ဒေသ တိုင်းတွင် ဒေသဖွံ့ဖြိုးရေးအတွက်   ဒေသခံ ပြည်သူများအား တောင်တက် အဖွဲ့ဝင် များထဲမှ ဆရာဝန်များက အခမဲ့ဆေးကုသမှုပေးခြင်းနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းတို့ပြုလုပ် လျက်ရှိသည်။ မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့တွင် အဖွဲ့ဝင် ၁ဝဝဝ ကျော်ရှိပြီး တောင်တက်ခရီးစဉ်များတွင် တောင်တက် အဖွဲ့ဝင် ၁၄ဝ ဦး နှင့် ၂ဝဝ ဦးဝန်းကျင်ခန့်အမြဲတမ်းလိုက်ပါတက်ရောက်ကာ ၂ဝ၁၈ ခုနှစ်တွင် ပုပ္ပားတောင်၊  ဆင်တောင်၊ မြင်းမထိတောင်၊ ပြက္ခရွေတောင်၊  စိန်ခနောက်မြခနောက်တောင်တို့ကို တက်ရောက်ခဲ့သည်။ 
-
၂ဝ၁၉ နှစ်ဆန်းပိုင်းတွင်  အရှေ့မြင် အနောက်မြင်တောင်၊ မဲနယ်တောင်နှင့် ဖုန်ကန် ရာဇီရေခဲတောင် ခရီးစဉ်များကိုဆက်လက်တက်ရောက်သွားမည်ဖြစ်ပြီး နွေရာသီကာလတွင် တောင်တက်ခရီးစဉ်များကို ရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။      
-
ချမ်းသာ (မိတ္ထီလာ)
-
#မြ၀တီနေ့စဉ်သတင်းစာ


No comments:

Post a Comment